ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ပိုးတွေ့ပြီး စစ်ဘေးရှောင်စခန်းတစ်ခုကို လော့ဒေါင်းချလိုက်ရသော်လည်း ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှုအားနည်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 1k

အောင်ဇံ
နိရဉ္စရာ၊ ဇူလှိုင် ၁၅/၂၀၂၁
အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ပြီးနောက် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းကို လော့ခေါင်းချပြီး အသွားအလာ ကန့်သတ်လိုက်သော်လည်း အဆိုပါ စခန်းအပါအဝင် တခြား ရခိုင်က စစ်ဘေးရှောင် စခန်းများ၌ ကိုဗစ်ကာကွယ်ရေးပစ္စည်းထောက်ပံ့မှုနှင့် အသိပညာပေးမှု အားနည်းနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေး ပြင်ဆင်မှုများ အားနည်းနေပြီး လိုအပ်ချက်များ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။
'' စခန်းတချို့ မှာ အစိုးရက ကိုဗစ်အသိပညာပေးတချို့လုပ်တာတွေ ရှိပါတယ်။ အသိပညာပေးပြီး လိုအပ်တဲ့ထောက်ပံ့တွေမလုပ်ရင် မထူးပါဘူး။ အခု စစ်ဘေးရှောင်စခန်းတွေမှာ နှာခေါင်းစည်း Mask တို့လို အကာအ ကွယ် ပစ္စည်းတွေက လုံးဝ မရှိသလောက်ပါပဲ။ဒီလိုငွေကြေးခက်ခဲတဲ့အချိန်မှာ အစိုးရကတောင်မလုပ်နိုင်ရင် အခြားအဖွဲ့အစည်းတွေက ပိုလို့ မလုပ်နိုင်ပါဘူး '' ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်လာနေပြီး သေဆုံးမှုများလည်း ရှိလာနေ၍ စစ်ဘေးရှောင် စခန်းများတွင် လူအများစုဖြင့် ရောပြွမ်း နေထိုင်နေရသူများ အနေဖြင့် အထူးစိုးရိမ်နေရသည်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးစခန်း တာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။
'' စစ်ဘေးရှောင် အများစုက စိုးရိမ်ကြတယ်။ စားစရာ မရှိတဲ့ကြားထဲ ကိုဗစ်ဖြစ်လာရင်တော့ ဘယ်လိုရင်ဆိုင်ကြမလဲ။ တွေးပူနေကြတာတွေ ရှိတယ်။ ဒါပေမယ့် လက်ရှိမှာ ကိုဗစ်ကို မကြောက်လားဆိုတော့ ကြောက်ပါတယ်။အစားအသောက် အထောက်အပံ့ ပုံမှန်မရောက်တဲ့အခါ အစားအသောက်ကိုပဲ ပူပန်နေရပါတယ်။ (၄)လပိုင်း လောက်ကတည်းက ကျနော်တို့ စခန်းကို Mask တို့၊ Hand Jel လက်ဆေးရည်တို့လို ကာကွယ်ရေး ပစ္စည်းတွေ ပေးတာ မရှိပါဘူး '' ဟု က ပြောသည်။
အမ်းမြို့နယ်က ဘူးရွက်မညှိုးစစ်ဘေးရှောင် စခန်းတွင်လည်း ယခုအချိန်ထိ ကိုဗစ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ဆင်မှု၊ ကာကွယ်မှု မရှိသေးကြောင်း စခန်းတာဝန်ခံ ကိုနတ်ဆိုးက ပြောသည်။
''ကိုဗစ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေတော့ အများကြီးမရှိသေးပါဘူး ခုချိန်ထိကတော့။ လောလော ဆယ်ထိန်းလို့ရတဲ့ အနေအထားထိတော့ နှာခေါင်းစည်း Mask၊ ပိုးသတ်ဆေးစတဲ့ ကာကွယ်ရေး ပစ္စည်းတွေရှိပါတယ်။ တကယ် ပြင်းထန်လာရင်တော့ မလောက်ပါဘူး။ အစိုးရ ထောက်ပံ့တာက မနှစ်ကရှိတယ်။ ဒီနှစ်မရှိဘူး '' ဟု ၎င်းပြောသည်။
ရခိုင်ပြည်နယ်က တခြား စစ်ဘေးရှောင်စခန်းများတွင် အစိုးရမှ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့မှုမရှိသလောက်နည်းပါးနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။
မြောက်ဦးမြို့နယ်က စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ယမန်နေ့ ဇူလှိုင်လ( ၁၄) ရက်နေ့က အမျိုးသမီးတစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် စစ်ဘေးရှောင်စခန်းများအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

ဆက်စပ် သတင်းများ