ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မြိုနှင့်ခမီလူမျိုးများနေထိုင်ရာ ကျောက်တော်မြို့နယ်တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့နာမကျန်းဖြစ်၊ ရိက္ခာလည်းပြတ်လပ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၆/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မြိုနှင့် ခမီတိုင်းရင်းသားများနေထိုင်ရာ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်း ဖြစ်နေပြီး စခန်းတစ်ခုလုံး စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း သတင်းရရှိသည်။
၄င်းစစ်ဘေးရှောင်စခန်းတွင် ယခုဇူလိုင်လ အတွင်း ကလေးငယ်တချို့မှာ ဝမ်းပျက်၊ ဝမ်းလျော၊ ဆီးအောင့်သည့် ဝေဒနာခံစားနေရကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ် စောင့်ရှောက်ရေးတာဝန်ခံ ဒေါ်မအေးခင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ ကလေးတွေတချို့ လေးငါးယောက်လောက်နေမကောင်းဖြစ်နေကြပါတယ်။ ဝမ်းသွားကြတယ်။ အပေါ့သွားရင်ကျောက်ပါတဲ့ကလေးတစ်ယောက်ကိုတော့ စစ်တွေဆေးရုံကို မနက်ဖြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ လွန်ခဲ့တဲ့ အပတ်ထဲကတော့ ကျန်းမာရေးကရောက်ပါတယ်။ ဒီအပတ်မှာ ရွာတွေကို လော့ဒေါင်းချထားတော့ မရောက်ကြတော့ဘူး။ စခန်းမှာ စားနပ် ရိက္ခာတွေလည်း ဒီလထဲမှာ လုံးဝ မရသေးတော့ အဟာရများ ချို့တဲ့နေကြလို့လားမသိဘူး” ဟုပြောသည်။
၄င်းတို့စခန်းတွင် လူဦးရေ ၅ဝဝ ကျော်နေထိုင်ပြီး ခမီလူမျိုးမိသားစု အနည်းငယ်နှင့် မြိုလူမျိုးအများစု နေထိုင်ခြင်းဖြစ်ကြောင်း ဒေါ်မအေးခင်က ဆက်ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါက်တာသန်းထွန်းဦးအား မေးမြန်းရာ ၄င်းအား ကျန်းမာရေးမှူးများမှ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။
“ အဲဒါကျွန်တော့ဆီကိုတော့ စာရင်းတက်မလာသေးဘူး။ စစ်ဘေးရှောင် စခန်းကတော့ ဖွင့်လို့ရှိပါတယ်။ နေမကောင်းတာ ဘယ်ဟာ နေမကောင်းဘူးလို့ ပြောပါလဲ။ ကျွန်တော်တို့ကျန်းမာရေးဌာနကို အရင်အကြောင်းမကြားပဲ။ သူတို့က သတင်းဌာနကို အရင် အကြောင်းကြားတာဖြစ်မယ်။ ကျွန်တော်မေးပြီးမှ အတည်ပြုပေးပါမယ်နော်” ဟုပြောသည်။
ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ စစ်ဘေးရှောင် ကူညီရေး အဖွဲ့ဝင်လည်းဖြစ်သူ ဦးမောင်ဝင်းက “ ကန်စောက် တောင်မင်းကုလား၊ ဝါးတောင် စစ်ဘေးရှောင် စခန်းကလူတွေဟာ ပြည်နယ်အစိုးရဆီမှာ ပြန်ဖို့တောင်းလို့ ပြန်ခွင့်ပေးလိုက်ပါပြီ။ ပလက်ဝက အဖွဲ့တွေလောက်နည်းနည်းလောက်ကျန်မယ်။ နေမကောင်းတာက အရင်ဝမ်းသွား၊ အနာပေါက်တာက လွန်ခဲ့တဲ့ တစ်လနှစ်လလောက်က တစ်ခါဖြစ်တယ်။ ကျွန်တော် ကန်စောက် အုပ်ချုပ်ရေးမှူးနဲ့ ဆရာတော်ကိုမေးကြည့်ပါအုန်းမယ်” ဟုပြောသည်။
၄င်းတို့အနေဖြင့် အဆိုပါစစ်ဘေးရှောင်စခန်း၏ အခြေအနေကို လတ်တလောတွင် ဖြေကြားနိုင်ခြင်းမရှိကြသေးကြောင်း သိရသည်။

ဆက်စပ် သတင်းများ