ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အနံ့မရသူ ၂၀ ခန့်ရှိနေသည့် တောင်မင်းကုလားစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်တစ်ဦး၌ ကိုဗစ်ပိုးတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.3k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၂၂ / ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် အနံ့မရသူ ၂ဝ ဦးခန့်ရှိနေသဖြင့် ကိုဗစ်စစ်ဆေးမှုပြုလုပ်ရာတွင် မန်နေ့က ကိုယ်ဝန်သည်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ကိုယ်ဝန်ဆောင်နှစ်ဦးအား ဦးစားပေးစစ်ဆေးခဲ့ရာ ကိုယ်ဝန်(၄)လ လွယ်ထားရသည့် မိခင်တစ်ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စခန်းမှ အမျိုးသမီးနှင့် ကလေးစောင့်ရှောက်ရေး တာဝန်ခံ ဒေါ်မအေးအေးခိုင်က နိရဥ္စရာအားပြောသည်။

အနံ့မရဖြစ်ခဲ့တာက အယောက် ၃ဝ ကျော်တယ်။ မနေ့က ကိုယ်ဝန်ဆောင်နှစ်ယောက်ကိုစစ်တာမှာ တစ်ယောက် တွေ့တာပါ။ ဒါပေမဲ့ အခုက အနံ့ပြန်ရတဲ့လူတွေရနေကြပါပြီ။ ကျန်းမာရေးဌာနက ဒီနေ့ မနက်ကလည်း လာရောက် စစ်ဆေးနေပါတယ်ဟုပြောသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသည့်ကိုယ်ဝန်ဆောင်အမျိုးသမီး၏ နေအိမ်တဲကို သီးသန့် လော့ဒေါင်း ချထားကြောင်း သူမက ဆက်ပြောသည်။

လက်ရှိတွင် ၎င်းအမျိုးသမီးနေအိမ်တဲကို လော့ဒေါင်းချထားသော်လည်း စခန်းကို လော့ဒေါင်းချရန် အစီအစဉ် မရှိသေးကြောင်း ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောသည်။

စခန်းကိုလော့ဒေါင်းချဖို့အခြေအနေမရှိဘူး။ အနံ့မရတဲ့လူ ၂ဝ လောက်ရှိတယ်လို့သိရတယ်။ ဒီနေ့ ကျန်းမာရေး ဝန်ထမ်းတွေ သွားရောက်စစ်ဆေးနေပါတယ်။ အကြောင်းပြန်မလာသေးပါဘူး။ လူနာကလည်း ကျန်းကျန်းမာမာပါ။ အောက်ဆီဂျင်ပေးရတဲ့အခြေအနေမဟုတ်ဘူး။ ကိုယ်ဝန်ဆောင်မို့ပါဟုပြောသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူကိုယ်ဝန်ဆောင်အမျိုးသမီးအား ကျောက်တော်မြို့နယ် အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ - တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ