ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်အမျိုးသမီးအများစုတွင် အတွင်းခံအဝတ်အထည်များလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

သဥ္ဇာနွယ်

နိရဥ္စရာ၊ စက်တင်ဘာ ၂၂ /၂၀၂၁

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်သော အမျိုးသမီး အများစုတွင် အတွင်းခံအဝတ်အထည်များလိုအပ်ကြောင်း သတင်းရရှိသည်။

အတွင်းခံအဝတ်အထည်များအလုံအလောက်မရှိ၍ ကြိမ်ဖန်များစွာ ဝတ်နေရသည့်အတွက် ကျန်းမာရေးထိခိုက်မှုများလည်းရှိနေသည်ဟု စစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။

ကျောက်တော်မြို့ အမက(၃) စစ်ဘေးရှောင်စခန်းမှ မနွယ်နွယ်သန်းက မိုးရွာတဲ့နေတွေဆိုရင် အစိုကိုဝတ်ရတဲ့နေ့က ပိုများတယ်။ တစ်ထည်ဝတ်ပြီး နောက်တစ်ထည် လဲစရာမရှိတော့။ အစိုအတိုင်းဝတ်တော့ ဗိုက်နာတာတွေ၊ နေမကောင်းဖြစ်တာတွေဖြစ်ကြတယ်။ အပျိုလေးတွေဆိုရင် ဝတ်စရာမရှိရင် အခန်းအောက်ကိုမဆင်းဘဲနေရတယ်။ စျေးပေါပေါရတဲ့ အတွင်းခံတွေ ဝယ်ဝတ်ရင် တစ်ခါနှစ်ခါဝတ်ရင် ပြဲကုန်တယ်။ ဒီလိုမလုံမခြုံတွေကို ဖာထေးဝတ်နေရတာပဲဟုပြောသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင်စခန်း ၁၃၄ ခုရှိပြီး လူဦးရေ ၉ သောင်းနှင့် ၆ ထောင်ကျော်ရှိရာ အမျိုးသမီးဦးရေ ၅ သောင်းကျော်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)စာရင်းအရ သိရသည်။

စစ်ဘေးရှောင်အမျိုးသမီး ၅ သောင်းကျော်အနက် အရွယ်ရောက်ပြီး အမျိုးသမီးများအပါအဝင် အမျိုးသမီးအများစုတွင် အမျိုးသမီး အတွင်းခံအကျီ်များအပါအဝင် အတွင်းခံဘောင်းဘီများနှင့် သွားတိုက်ဆေးများလိုအပ်နေသည်ဟု ထိုအမျိုးသမီးများက ပြောသည်။

ကျမတို့စခန်းက အမျိုးသမီး ၂ဝဝ ကျော်လောက်မှာ အဓိကလိုအပ်နေတာက ဘရာစီယာပါ။ သွားတိုက်ဆေးတို့ဆိုလည်း မရှိဘူးဟု ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ဒေါ်အေးခိုင်က ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ယခင်က အဆိုပါစစ်ဘေးရှောင်အမျိုးသမီးများတွင် လစဉ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်ခဲ့သည့်အတွက် စေတနာရှင်များက လာရောက် ထောက်ပံ့ခဲ့ကြသော်လည်း အဆိုပါ အတွင်းခံအကျ(ဘရာစီယာ)နှင့် အတွင်းခံဘောင်းဘီတို့ ထောက်ပံ့သူမရှိသလောက်နည်းနေသည်ဟုလည်း စစ်ဘေးရှောင်အမျိုးသမီးများက ပြောသည်။

မြောက်ဦးကုလားချောင်းစစ်ဘေးရှောင်နေထိုင်သူ မအေးအေးငြိမ်းက ကျမတို့အမျိုးသမီးတွေအတွက် အရေးပေါ်လိုအပ်နေတာက အတွင်းခံပါပဲ။ လစဉ်သုံးတွေကတော့ ရှိပါတယ်ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီး ၃၇၁ ဦး၊ အမျိုးသား ၃၂၁ ဦးတို့ရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သည့်အတွက် အပြင်ထွက်အလုပ်လုပ်၍လည်း မရဖြစ်နေသည့်အတွက် လိုအပ်သည်များကိုဝယ်ယူသုံးစွဲရန် ငွေရေးကြေးရေးလည်း အခက်အခဲဖြစ်နေရသည်ဟု ဆိုသည်။

မြေပုံမြို့နယ်ရှိ ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းမှ မသန်းသန်းဝင်းကလည်း ကျမတို့အလုပ်အကိုင်တွေ အဆင်မပြေဘူး။ အဓိကတော့ အတွင်းခံတွေ လိုတာပါ။ ကျန်တာတွေတော့အဆင်ပြေပါတယ်ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အမျိုးသမီး ၄၁၈ ဦးနှင့်အမျိုးသား ၃၆၆ ဦး တို့ရှိကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းများအပါအဝင် ရခိုင်ရှိ အခြားစစ်ဘေးရှောင် စခန်းများရှိ အမျိုးသမီးအများစုတွင်လည်း ယခုကဲ့သို့ လိုအပ်လျက်ရှိသည်ဟု သိရသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)မှတာဝန်ခံ စောခင်သန်းဝေက အတွင်းခံမရှိရင်ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ မိုးတွင်းဆိုရင် အဝတ်တွေ မခြောက်တာကို ဝတ်တာကနေ အမျိုးသမီးတွေအတွက် ကျန်းမာရေး အရမ်းအရေးကြီးပါတယ်။ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေ လိုအပ်ရင်လည်း ကျမတို့ရဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံးကို အကူညီတောင်းခံနိုင်ပါတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားမှုမရှိတော့သော်လည်း စစ်ဘေးရှောင် ၉ သောင်းကျော်မှာ ၎င်းတို့၏ရပ်ရွာအနီး မိုင်းရှင်းလင်းပေးမှုမရှိခြင်းနှင့် နေရပ်ပြန်သွားသော်လည်း ဘဝအာမခံချက်မရှိခြင်းတို့ကြောင့် နေရပ်မပြန်နိုင်ဘဲရှိနေကြခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - မြေပုံမြို့နယ်ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

 

ဆက်စပ် သတင်းများ