ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တင်းမရွာသားများ နေရပ်ပြန်နိုင်ရေးကြိုးစားပေးမည်ဟုနယ်လုံဝန်ကြီးပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

အေးမြတ်ခိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၇/၂၀၂၁
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ တင်းမရွာသားများအနေဖြင့် အောက်တိုဘာလ ၂၂ ရက်တွင် နေရပ်ပြန်နိုင်ရေး ကြိုးစားပေးမည်ဟု နယ်လုံဝန်ကြီးက ပြောဆိုခဲ့သည်ဟု တင်းမဆရာတော်က နိရဥ္စရာကိုမိန့်သည်။
(၂)နှစ်ခန့်ကြာနေရပ်စွန့်ခွာခဲ့ရသည့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေးကိစ္စနှင့်ပတ်သက်ပြီး ယနေ့ အောက်တိုဘာလ ၇ ရက် ညနေ ၅ နာရီခွဲတွင် ရခိုင်ပြည်နယ်ကောင်စီမှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် တင်းမဆရာတော်အရှင်ဝါယမိန္ဒတို့ နယ်လုံဝန်ကြီးရုံးခန်း၌တွေ့ဆုံဆွေးနွေးခဲ့စဉ် ဝန်ကြီးက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်သည်။
"တပည့်တော်တို့အထက်ကို တင်ပြပေးသွားပါမယ်။ ၂၂ ရက်နေ့လောက်ကိုပြန်နိုင်ဖို့ တပည့်တော်တို့ကြိုးစားမယ်လို့ပြောတယ်။ ဆရာတော်တို့ကတော့ ဒီ ၂၂ ရက်နေ့မတိုင်ခင် အကြောင်းပြန်လာလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဘယ်နေ့ဘယ်ရက် အကြောင်းပြန်မယ်လို့တော့ မပြောလိုက်ဘူး" ဟု မိန့်သည်။
ဝန်ကြီးနှင့်တွေ့ဆုံခဲ့စဉ် တင်းမရွာသားများနေရပ်ပြန်ချိန်တွင် ရပ်သူရွာသားများအန္တရာယ်မရှိစေရေး မိုင်းရှင်းလင်းမှုများပြုလုပ်ပေးရန်တောင်းဆိုခဲ့သည်ဟုလည်း တင်းမဆရာတော် ဦးဝါယမိန္ဒက မိန့်သည်။
"ပြန်တဲ့အခါမှာလည်း ရပ်သူရွာသားတွေအန္တရာယ်မဖြစ်ရအောင် မိုင်းရှင်းလင်းရေးတွေနဲ့ စစ်တပ်တွေအနီးအနားမှာရှိရင်လည်း အားလုံးအဆင်ပြေအောင် သဟဇာတကျအောင်ဆိုပြီး ဆရာတော်ကတင်ပြရခြင်းဖြစ်တယ်။"ဟု နိရဥ္စရာသို့မိန့်ကြားသည်။
တောင်းဆိုချက်များတွင်ပါဝင်သည့် မိုင်းရှင်းလင်းပေးရေးနှင့်ပတ်သက်ပြီး ဝန်ကြီးက တိတိကျကျပြောဆိုသွားခြင်းမရှိခဲ့ဟုလည်း ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
တင်းမရွာသားများ နေရပ်ပြန်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ထံ တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီက ပြီးခဲ့သည့် စက်တင်ဘာ ၂ ရက်တွင် တစ်ကြိမ်၊ ပြီးခဲ့သည့် မေလ ၁ဝ ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂၆ ရက်တွင်တစ်ကြိမ်၊ စုစုပေါင်း (၃)ကြိမ်တိုင်တိုင်တောင်းဆိုထားခဲ့ပြီဖြစ်သည်။
တင်းမကျေးရွာအနီး ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ရွာသားများထွက်ပြေးနေကြစဉ် တင်းမကျေးရွာရှိ နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့နေအိမ် ၉၃ လုံးရှိခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
လက်ရှိတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် တင်းမရွာသားများသည် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံနေရသည်ဟု သိရသည်။
ဓာတ်ပုံ - တင်းမဆရာတော်

ဆက်စပ် သတင်းများ