ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့မှ စစ်ဘေးရှောင်များ နေထိုင်စားသောက်မှုပုံစံခက်ခဲလာ၍ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/ ၂၀၂၁
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့မှ စစ်ဘေးရှောင်များသည် နေထိုင်စားသောက်မှုပုံစံများခက်ခဲလာသောကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိလာနေကြောင်း သတင်းရရှိသည်။
အဆိုပါစစ်ဘေးရှောင်များသည် ရခိုင်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်များအဖြစ် အခြားဒေသများတွင် နေထိုင်ခဲ့ကြသည်မှာ ၃ နှစ်ခန့်ရှိနေပြီဟု သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်စခန်းများ၌ နေထိုင်စားသောက်မှုပုံစံများခက်ခဲလာနေသည့်အတွက် ၎င်းတို့၏စိတ်တွင် စိတ်ဒဏ်ရာများရှိနေသည်ဟု ကျောက်တော်မြို့ရှိ ရထားဘူတာစစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ ဦးစောသိန်းအောင်က နိရဥ္စရာကို ပြောသည်။
“ကျနော်တို့က အခုစစ်ဘေးရှောင်စခန်းတွေမှာ ကျဉ်းလွန်းတဲ့အခန်းတွေမှာ မိသားစုအများကြီးနဲ့နေရတာ။ လုံခြုံရေး၊ လွပ်လပ်မှုမရှိဘူး။ သမီးပျို၊ သားပျိုတွေနဲ့ဆိုတော့။ အိမ်ပြန်ဖို့ဆိုရင်လည်း မိုင်းတွေရှိနေမှာကိုကြောက်ရတယ်။ မိုးလင်းရင် နေဝင်ဖို့ပဲဆုတောင်းနေမိတယ်။ စိတ်ထဲမှာတော့ ဒဏ်ရာတွေအများကြီးပါပဲ ညီမရယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်၌ တိုက်ပွဲများရပ်စဲနေသော်လည်း စစ်ဘေးရှောင်များမှာ လုံလောက်သည့်စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှု မရရှိတော့ခြင်း၊ ကန့်သတ်မှုများအကြားနေထိုင်ရခြင်း၊ စစ်ဘေးရှောင်စခန်းအနီးအနားရှိ တောတောင်၊ မြစ်ချောင်းများတွင် ဟင်းရှာ၊ ငါးရှာစားကြရာတွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ၏အန္တရာယ်များကို စိုးရိမ်စိတ်များရှိမှုများစသည့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုများကို ကြုံနေကြရကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ စစ်ဘေးရှောင် ဒေါ်မချေက “ကျမတို့မှာ အစားဆင်းရဲ၊ အနေဆင်းရဲ၊ ကိုယ့်အိမ်မှာလည်း မနေရတာလည်းကြာပြီ။ အမျိုးသမီးတွေဆို ပိုပြီးအားငယ်ရတယ်။ စိတ်ဓာတ်ကျနေတာတွေလည်း အများကြီးရှိကြတယ်။ ကိုယ့်မှာ ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီး၊ နေရပ်ပြန်ဖို့ကလည်း မိုင်းတွေမရှင်းရသေးတော့ အသက်အာမခံချက်မရှိဘူး”ဟု ပြောသည်။
ယင်းသို့ စစ်ဘေးရှောင်များ၏ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုများကို စစ်ဘေးရှောင်အရေး တစိုက်မတ်မတ်ဆောင်ရွက်နေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)နှင့် အခြားအဖွဲ့ (၃)ဖွဲ့တို့က နှစ်သိမ့်ဆွေးနွေးမှုများကို ကျွမ်းကျင်သော ပညာရှင်အချို့ဖြင့် လုပ်ဆောင်ပေးသွားရန် ပြင်ဆင်နေပြီဟု သိရသည်။
REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “စစ်ဘေးရှောင်စခန်းမှာနေတဲ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်သူတွေ ပုံမှန်လူတွေနဲ့မတူဘဲ အအိပ်မမှန်၊ အစားမမှန်ဖြစ်နေသူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတွေလုပ်ပေးသွားဖို့ ဆောင်ရွက်နေကြပါတယ်”ဟု ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်စခန်း ၂ ခု၌ စစ်ဘေးရှောင် ၂ ဦးကို ဝန်ထမ်းအဖြစ်ခန့်အပ်ကာ စခန်းတွင်းရှိ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူရှိပါက REC သို့ဆက်သွယ်ရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။
ယင်းသို့ ဆက်သွယ်လာပါက REC မှတဆင့် သက်ဆိုင်ရာ ပညာရှင်များဖြင့် နှစ်သိမ့်ဆွေးနွေးမှုများလုပ်ဆောင်ပေးသွားမည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ စခန်းတွင်းနေထိုင်သူ ၆ သောင်း ၄ ထောင်နှင့် စခန်းပြင်ပနေထိုင်သူ ၂ သောင်း ၄ ထောင်ရှိနေသည်ဟု REC စာရင်းအရ သိရသည်။
ဓာတ်ပုံ - မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ