- Web Master
- ၂၉ သြဂုတ် ၂၀၂၄
ချစ်အိလှိုင်၊ မြထွီးသျှင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၅/ ၂ဝ၂၁
အဟာရဓာတ်ချို့တဲ့နေသည့် ရခိုင်စစ်ဘေးရှောင်နှင့် မူဆလင်ဒုက္ခသည်များအတွက် နီပွန်ဖောင်ဒေးရှင်းမှ ကန်ဒေါ်လာ ၈ ဒဿမ ၅ သန်းထောက်ပံ့သွားမည်ဟု သိရသည်။
ရခိုင် စစ်ဘေးရှောင်နှင့် မူဆလင်ဒုက္ခသည်(IDP Camp) တို့ကို ယနေ့ နံနက်က ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ သွားရောက်လေ့လာရာတွင် ကလေးငယ်များမှာအဟာရဓာတ်အင်မတန်လိုအပ်နေကြောင်း တွေ့ရှိခဲ့ရသဖြင့် ယခုကဲ့သို့ လှူဒါန်းခြင်းဖြစ်ကြောင်း မစ္စတာဆာဆာကာဝါက ပြောသည်။
“ကျနော်IDPစခန်းကို သွားရောက်ခဲ့တဲ့အခါမှာ ကျနော်ခံစားခဲ့ရတဲ့ အသက်အရွယ်ဖြစ်တဲ့ ၆နှစ်အရွယ် ကလေးတွေလည်း အများကြီးနေထိုင်လျက်ရှိတယ်ဆိုတာ ကျနော်တွေ့ရှိခဲ့ရတဲ့အတွက် အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်။ သူတို့ဟာဆိုရင် အင်မတန်စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင် အနေအထားမှာ နေထိုင်လျက်ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရတဲ့အကြောင်းမို့ အဲဒီကလေးတွေဟာ အနာဂတ် အိပ်မက်ရှိတဲ့ ကောင်းမွန်တဲ့လူမှုဘဝတွေကို ကလေးတွေကိုပေးနိုင်ဖို့အတွက် နီပွန်ဖောင် ဒေးရှင်းအနေနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားဖို့ ကျနော်စိတ်ဆုံးဖြတ်ခဲ့ပါတယ်” ဟုပြောသည်။
၄င်းတို့အနေဖြင့် အဟာဓာတ်ပြည့်ဝအောင်ပံ့ပိုးမှုများအပြင်စစ်ဘေးရှောင်နှင့် ဒုက္ခသည်များ မူလ နေရာများသို့ ပြန်နိုင်အောင် တတ်နိုင်သလောက်ပံ့ပိုးမှုများပြုလုပ်သွားမည်ဟု မစ္စတာ ဆာဆာကာဝါက ဆက်ပြောသည်။
ရခိုင်ရှိ အဆိုပါ ဒုက္ခသည်များမှာ ၂ဝ၁၂ ခုနှစ်ပဋိပက္ခအတွင်း ထွက်ပြေးလာကြသည့် မူဆလင် ဒုက္ခသည်များနှင့် ၂ဝ၁၈ ခုနစ်မှစ၍ ရက္ခိုင့်တော် (AA) နှင့် မြန်မာတပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာခဲ့ကြသည့် ရခိုင်စစ်ဘေးရှောင်များ ဖြစ်ကြသည်။
နီပွန်ဖောင်ဒေးရှင်းအနေဖြင့် ရခိုင်တွင် ယခင်က မူလတန်းကျောင်း ၁၄ဝ ခန့် ဆောက်လုပ်ပေးခဲ့ပြီး လက်ရှိတွင် အဆိုပါထောက်ပံ့ပေးမှုအပြင် အလယ်တန်းကျောင်းများကိုပါ ဆောက်လုပ်လှူဒါန်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။