အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်မှ ဆရာ၊ ဆရာမများ၏ဘဝလုံခြုံမှုရှိရေး စီမံပေးရန် ဆရာ၊ ဆရာမများက ကမ္ဘာ့ဆရာများနေ့တွင် တောင်းဆို


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5.3k

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ဘဝလုံခြုံမှုရှိရေးစီမံပေးရန် ဆရာ၊ ဆရာမများက ယနေ့ အောက်တိုဘာလ ၅ ရက်တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့တွင် တောင်းဆိုလိုက်သည်။

ရခိုင်မှ ပညာရေးဝန်ထမ်းများသည် ဒေသအတွင်းမတည်ငြိမ်မှု၊ ခိုးဆိုးလုယက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် မလုံခြုံရသည့် အခြေအနေများဖြင့်ရင်ဆိုင်နေကြရ၍ ဆရာ၊ ဆရာမများ၏လုံခြုံရေး၊ အထူးသဖြင့် ဆရာမများ၏ ဘဝလုံခြုံရေးကို အလေးထားပြီး ဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ပေါက်တောမြို့နယ်မှ မူလတန်းကျာင်းအုပ်ဆရာမ ဒေါ်ခိုင်မြတ်ရွှေသဇင်က နိရဉ္စရာသတင်းဌာနကို ပြောသည်။

“အမျိုးသမီးတစ်ယောက်အနေနဲ့ လုံခြုံရေးက အရမ်းအရေးကြီးတယ်။ မိန်းကလေးတွေကိုမြင်ရင် တဏှာရမ္မက်သားကောင်အဖြစ်မြင်တယ်။ ပြဿနာက ပညာရေးဝန်ထမ်းတွေအတွက် မလုံခြုံဖြစ်နေတယ်။ လုံခြုံအောင် သက်ဆိုင်ရာက ဘာလုပ်ပေးမှာလဲ ကျမတို့မှာ မေးခွန်းပဲရှိတယ်”ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် ယခုနောက်ပိုင်း အာဆာအကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုများရှိလာသဖြင့် ယင်းမြို့နယ်များတွင် တာဝန်ထမ်းဆောင်နေရသည့် ပညာရေးဝန်ထမ်းများမှာ စိုးရိမ်ကြောင့်ကြရသည်ဟု သိရသည်။

ယင်းသို့ အသက်အန္တရာယ်လုံခြုံမှုကင်းမဲ့သော်လည်း အနာဂတ် ကလေးငယ်များ ပညာရေးအတွက် မဖြစ်မနေတာဝန်ထမ်းဆောင်နေရသည်ဟု ဘူးသီးတောင်မြို့နယ်တွင်တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီးတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“နိုင်ငံရေးပေါ်လစီတွေနဲ့ ငြိလာတယ်။ သောင်းကျန်းသူတွေလည်း ရှိတယ်။ ဒါပေမယ့် အစိုးရဝန်ထမ်းဆိုတာ မသွားမနေရသွားရတာပဲ။ တကယ့်တကယ်သွားလို့မရတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးပိုင်းတွေအနေနဲ့ တိတိကျကျကိုင်တွယ်ပေးစေချင်တယ်။ ပြီးတော့ ဒီလိုပညာရေး ဝန်ထမ်းတွေခံစားနေရတဲ့အဖြစ်ကို သူတို့က သာမာန်ဖြစ်စဉ်လို့ပဲ သဘောထားတယ်လို့ မြင်တယ်”ဟုပြောသည်။


ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်ကလည်း အမ်းမြို့နယ် ရူးအထကကျောင်းတွင်တာဝန်ကျနေသည့် အသက် ၄၁ နှစ်အရွယ် အထက်တန်းပြဆရာမတစ်ဦးကို ကွာရှင်းရန်စီစဉ်ထားသည့် ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးမှုဖြစ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျွန်းပေါ်ပေါက်တောရွာမှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးသည်လည်း စာပြရန်ကျောင်းသို့သွားစဉ် လမ်းတွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက မောင်တောမြို့နယ်မှ ပညာရေးဝန်ထမ်းနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ပြန်ပေးဆွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆရာ၊ ဆရာမများ၏ အခက်အခဲအကျပ်အတည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကိုယ့်သားသမီးအရင်းသဖွယ် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည်ဟုလည်း ရခိုင်မှ ဆရာ၊ ဆရာမများက သုံးသပ်ပြောဆိုကြသည်။

ယင်းအပြင် တစ်ချို့ကျေးရွာဒေသများတွင် လုံခြုံမှုမရှိဘဲ ဟောင်းနွမ်းပြိုပျက်နေသည့် ကျောင်းဆရာမများ၏အဆောင်များ ဖောက်ထွင်းခံရမှုများ၊ ဆရာမများ ရေချိုးနေစဉ် ချောင်းမြောင်းခံရခြင်းများလည်းရှိသည်ဟု ပညာရေးအသိုင်းအဝန်းထံမှ သိရသည်။

ယင်းသို့ အမျိုးသမီးများဖြစ်သည့် ကျောင်းဆရာမများကို ပစ်မှတ်ထားနေကြမှုအပေါ် သက်ဆိုင်ရာကလည်း တစ်စုံတစ်ရာစုံ စမ်းဖော်ထုတ် အရေးယူပေးခြင်းမျိုးမရှိ၍ ကျူးလွန်သူများ အတွက် နောက်ထပ်ကျူးလွန်ရန် အခွင့်အရေးပိုများလာနေကြောင်း သိရသည်။

ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့ဆိုသည်မှာ ၁၉၆၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ် (ILO) နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တို့၏ ထောက်ခံတင်ပြချက်များကို အတည်ပြုလက်မှတ်ရေးထိုးသော အထိမ်းအမှတ်အဖြစ် အစိုးရအဖွဲ့များ၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များ တက်ရောက်သည့် အထူးညီလာခံကြီးက အောက်တိုဘာလ (၅) ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers Day)အဖြစ် သတ်မှတ်ခဲ့ကြရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

ယင်းနောက် ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်မှ စတင်ကာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် ကမ္ဘာ့ဆရာများနေ့အဖြစ် ပုံစံအမျိုးမျိုးဖြင့် ကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံတွင်ဆိုလျှင် ကမ္ဘာ့ဆရာများနေ့ကို ရည်ရွယ်ချက် ၃ ခုဖြင့် ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ စတင်ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါရည်ရွယ်ချက် ၃ ခုမှာ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တောအနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုး ထားလာစေရန်၊ အာစရိယဆရာများနှင့် ဥပဇ္ဈာယ်ဆရာ၊ အရည်အသွေးများပြည့်ဝသည့် မြတ်ဆရာများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် “ဆရာများနေ့” အခမ်းအနားများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ကျင်းပ၍ ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုရန်စသည့်အချက်များဖြစ်သည်။ (NN-11)

ဆက်စပ် သတင်းများ