အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေကျေးရွာတွင် ဆက်လက်တိုက်ပွဲဖြစ်


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း ကြောင်နဖေ (မြိုတိုင်းရင်းသား) ကျေးရွာရှိ နယ်ခြားစောင့်ရဲကင်းစခန်းအား  ရက္ခိုင့်တပ်တော် (AA)က စတင်တိုက်ခိုက်ရာမှ  တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ နယ်ခြားစောင့် ရဲစခန်းအား စတင်ထိုးစစ်ဆင်ပြီး ၁ နာရီဝန်းကျင်ခန့်အကြာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" အေအေက အဲ့ဒီစခန်းကို အရင်တိုက်တာ။ လက်နက်ကြီး/ငယ်တွေနဲ့ အပြန်အလှန်ပစ်ခဲ့ကြတယ်။ ပစ်လိုက်ရပ်လိုက်နဲ့ တစ်နာရီဝန်းကျင်လောက်ကြာတယ်။ အဲ့ဒီနောက်ပိုင်းတော့ ငြိမ်သွားတယ်  " ဟုပြောသည်။

ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂ နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိဘဲ  ငြိမ်သက်နေကြောင်းလည်း ၎င်းကပြောသည်။

နောက်ဒေသခံတစ်ဦးက " အရင်ကနေ အဲ့ဒီစခန်းကို အေအေက ဝိုင်းထားတာကြာပြီ။ မနေ့က အေအေက စပစ်တာ။ အဲ့တော့ စစ်ကောင်စီကလည်း ပြန်ခုခံတာပေါ့။ ပထမ ၁၅ မိနစ်လောက်က ဆက်တိုက်ပစ်ကြတယ်။ ပြီးရင်တော့ ရပ်လိုက် ပစ်လိုက်နဲ့ပေါ့ " ဟုပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က ကြောင်နဖေရွာ နယ်ခြားစောင့် ရဲကင်းစခန်းနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ယင်းအပြင် အဆိုပါရွာကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခမောင်းဆိပ်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့်မီးလောင်ခဲ့ပြီး နေအိမ် ၃၀ ကျော်ခန့်မီးလောင်ပြာကျခဲ့သည်။

ထို့အပြင် ၎င်းရွာသားများမှာ အဓိကထားလုပ်ကိုင်စားသောက်နေသည့် လယ်ယာလုပ်ငန်းများဖြစ်ပြီး၊ လယ်ထွန်စက်တစ်စီး၊ စပါး တောင်း ၃ ထောင်ကျော်အပြင်၊ ဘဲ၊ ကြက်၊ ဝက်၊ ဆိတ် နှင့် အိမ်ဆိုင်ပစ္စည်းများအပါအဝင် ဆိုင်ကယ်များလည်း မီးထဲပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး၊ လူဦးရေ ၂၆၀ ခန့်ရှိကာ လက်ရှိတွင် ဘေးလွှတ်ရာသို့ တိမ်းရှောင်နေခဲ့ရကြောင်းသိရသည်။ (NN-13)

 ဓာတ်ပုံ- ပေးပို့

ဆက်စပ် သတင်းများ