တနင်္ဂနွေ၊ ဇူလိုင်လ ၁၄ရက်၊ ၂၀၂၄

မောင်တောတွင် နောက်ထပ် ကွန်ကရစ် တံတား ၆ စင်း မိုင်းခွဲဖျက်ဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၄

ရခိုင်ပြည်၊ ‌အနောက်ဖက်နယ်စပ် မောင်တောမြို့နယ်မှ စစ်ရေးအရအရေးပါသည့် နောက်ထပ် ကွန်ကရစ်တံတား ၆ စင်းကို စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖျက်ဆီးခံရသည့် တံတားများမှာ မောင်တောမြို့နယ် မောရဝတီမှ တံတား (၂)စင်း၊
မြင်းလွှတ်မှတံတား ( ၂ )စင်းနှင့် အလယ်သံကျော်မှ  တံတား (၂)စင်းတို့ဖြစ်ကြောင်းသိရသည်။

၎င်းတံတားများကို ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့ က စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီ စစ်သင်တန်းဆင်းမွတ်ဆလင်များက  မိုင်းခွဲဖျက်ဆီးသွားခဲ့သည်ဟု မောင်တောဒေသခံ တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

" မနေ့ကတစ်ရက်ထဲမှာ တံတား(၆)စင်းလုံးကိုဖျက်သွားတာပါ။ အလယ်သံကျော်တံတားတစ်စင်းက ပထမတစ်ခါဖျက်ထားတယ်။  အဲ့ဒါကို ထပ်ဖျက်ဆီးတယ်။ အကုန် ၆ စင်းအဖျက်ခံရတယ်။ တံတားတွေက ကွန်ကရစ်နဲ့လုပ်ထားတဲ့ ချောင်းကူးတံတားတွေပါ" ဟုပြောသည်။


လက်ရှိတွင် မောင်တောမြို့ တောင်ဘက်ရှိ နားခေါင်းတိုစခန်းနှင့် ပဒင်းစခန်းများအား ဇွန်လ ၁၃ ရက်နေ့ နံနက် စောစောမှစပြီး အေအေက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိနေသဖြင့်  မောင်တောတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

 

 စစ်ကောင်စီဖက်မှလည်း လက်နက်ကြီး ၊‌ လေ ကြောင်း  လက်နက်ငယ်များဖြင့် ပစ်ခတ် လျက်ရှိနေသည်ဟု  ‌မောင်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာန ကိုပြောသည်။

" တိုက်ပွဲကတော့တအားပြင်းနေတယ်။ သူတို့ကရှုံးမဲမဲပြီး တံတားတွေကို ဖျက်ဆီးနေကြတာ " ဟု ပြောသည်။


မောင်တောတွင် စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားသည့် တံတားများမှာ ပန်းဇင်းမော် တံတား၊ လှဘော်ဇားတံတား၊ ၃ မိုင်တံတားနှင့် ယခုဖျက်ဆီး ခံထားသည့်  မောရဝတီတံတား၊ မြင်းလွတ် တံတားနှင့် အလယ်သံကျော် (၆)စင်းနှင့်ပေါင်းလျင် တံတား ၉စင်း အထိရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။


အလားတူ ပြီးခဲ့သည့်ဇွန် ၁၁ရက်နေ့က တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာအဝေးတွင်ရှိသည့် ရွှေကွမ်းစမ်းတံတားကို တောင်ကုတ်မြို့ပေါ်မှ စစ်ကောင်စီများကလာရောက်ဖျက်ဆီးသွားခဲ့သည်။

ရခိုင်တိုက်ပွဲ (၆)လတာကာလအတွင်းစစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ပြည်သူများ အသုံးပြုနေသည့် တံတားများကို လိုက်လံဖျက်ဆီးနေသည်မှာ ယနေ့ဇွန်လ ၁၄ရက်နေ့ အထိဆိုလျှင် တံတား အစင်း (၂၀)ခန့်ရှိနေပြီဖြစ်သည်။ (ဓာတ်ပုံ - ပုံဟောင်းသာ)

ဆက်စပ် သတင်းများ