အင်္ဂါ၊ ဇူလိုင်လ ၂ရက်၊ ၂၀၂၄

တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့ကို စစ်ကောင်စီ၏နေဗီ ၄ စီးဖြင့် စစ်ကူထပ်ပို့


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

တိုက်ပွဲပြင်းထန်နေသည့် မင်းပြားမြို့ကို စစ်ကောင်စီက နေဗီ ၄ စီးဖြင့် နောက်ထပ် စစ်ကူထပ်ပို့သည်ဟု သတင်းရရှိသည်။ 

ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကူများ ရေတပ်ဇက်ရေယာဉ် ၄ စီးဖြင့် ပြန်လည် ရောက်ရှိလာသည်ဟု မင်းပြားဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“ မနေ့က နေ့လည် ၁နာရီမှာ ပြန်ရောက်တယ်လို့ကြားတယ်။ ပထမတစ်ခေါက်က   မြို့ပေါ်ကိုလည်း တက်ခွင့်မရခဲ့ဘူး။တပ်ဆုပ်သွားကြတာ။ အခု ၅ ရက်ကြာမှပြန်ရောက်လာတယ်။ သူတို့ပြန်လာတဲ့ လမ်းကြောင်း တစ်လျှောက် အနီးအနားကရွာတွေဖက်ကို နေဗီကနေ လက်နက်ကြီးတွေနဲ့ပစ်ပြီး တက်လာခဲ့တာ။ ဗလိပေါက်၊ချောင်းရှည်ရွာသားတွေလည်း မနေ့ကကမန်းကတန်း ထွက်ပြေးရတယ်။ ဒီနေဗီတွေက အထက်က အမိန့်ပေးလို့   သူတို့လည်း အသေအပျောက်တွေရှိပေမယ့် တက်လာကြရတယ် ထင်တယ်” ဟုပြောသည်။

မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာတွင် စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီ၏ နေဗီ ၄ စီးသည့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)၏ကြားဖြတ်ဟန့်တားမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ထပ်မံ ပြန်တက်လာခြင်းဖြစ်သည်။

၄င်း နေဗီ ၄ စီးသည် လက်ရှိကျားရဲပြင်ကျေးရွာအနီး မြစ်ပြင်တွင် ကျောက်ချထားပြီး လေယာဥ်များလည်း ဝဲပျံပြီး လက်နက်များဖြင့် ပစ်ခတ်လျက်ရှိသည်ဟု ၄င်းကဆက်ပြောသည်။

“ အရင်ကဆိုသူတို့ မင်းပြား မင်းဗာကြီးဖောင်တော်ကနေ ကြပ်စင်တံတားကျော်ပြီးမြို့ပေါ်တက်တယ်။ ဟိုတစ်ခေါက်နဲ့ အခုတစ်ခေါက်တော့ ကျားရှည်ပြင်ကနေတက်ဖို့ကြိုးစားတာတွေ့ရတယ်။ စစ်အင်အားက ၂၀၀လောက်  ရှိမယ်ခန့်မှန်းရတယ်။ သံချပ်ကာတွေဘာတွေ ပါတယ်ကြားတယ်။ အခု ၃နာရီမှာ Y-12 လေယာဉ် ပျံနေတာတ သုံးလေးခေါက်ရှိပြီးဝဲပျံပြီး ပစ်နေပါတယ် ”ဟုပြောသည်။

ယမန်နေ့ကလည်း မင်းပြားမြို့ ၃၇၉ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မင်းပြားဒေသခံတစ်ဦးကနိရဥ္စရာသတင်းဌာနကိုပြောသည်။

“ မနေ့က တစ်ညလုံး လက်နက်ကြီးလက်နက်ငယ် မိုးပြိုအောင်  ပစ်ခတ်သံတွေ ကြားရတယ်။ တိုက်ပွဲက ပြင်းထန်စွာဆက်ဖြစ်နေပါတယ်။ လေယာဉ်တွေနဲ့လည်း မကြာမကြာလာပစ်ပါတယ်”ဟု ပြောသည်။

တိုက်ပွဲကြားထဲက လက်နက်ကြီးကျည်တစ်လုံးသည် ယမန်နေ့ သောင်းခေါင်မော်ကျရွာထဲ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ မနေ့က ဆိုရင်ဘယ်ကပစ်မှန်းမသိရဘူး။  လက်နက်ကြီးကျည်တွေက ကျနော်တို့ သောင်းခေါင်မော်ရွာမှာတစ်လုံး ရွာပြင်မှာ တစ်လုံး ရွာနားတွေမှာကျတယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်  (AA) သည် မင်းပြားမြို့ အခြေစိုက် ခမရ (၃၈၀) တပ်ရင်းအား အပြီးသတ် သိမ်းပိုက် လိုက်ပြီဟု ဇန်ဝါရီ ၂၈ ရက်နေ့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မင်းပြား ခမရ (၃၇၉) တပ်ရင်း” အား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်သည်။

မင်းပြားမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂ ၂ ရက်နေ့က စစ်ကူရန်လာခဲ့သည့် စစ်ကောင်စီ၏ နေဗီ ၄ စီးသည် ရက္ခိုင့်တပ်တော်(AA)၏ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၂၅ ရက် ညဥ့် ၁၁နာရီခန့်ကပင် ပြန်လည်ဆုတ်ခွာသွားကြပြီး ၅ ရက်အကြာတွင် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။(NN-11)

ဆက်စပ် သတင်းများ