တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူသင်္ချိုင်းတွင် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားများကို လုံခြုံရေးယူပြီး မီးသင်္ဂြိုလ်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.7k

(တိုက်ပွဲတွင် အထိအခိုက်အကျအဆုံးများ၍ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံကြဲ)

ကျောက်ဖြူမြို့ သင်္ချိုင်းတွင် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့သည့် စစ်သားများကို လုံခြုံရေး ထူထပ်စွာချပြီး မီးသင်္ဂြိုလ်ခဲ့သည်ဟု ဒေသအတွင်း သတင်းရင်းမြစ်မှ တစ်ဆင့် သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်ကစတင်ဖြစ်ပွားနေသည့် တိုက်ပွဲတစ်လျှောက် စစ်ကောင်စီတပ်မှာအထိနာခဲ့ပြီး လက်ရှိတွင် သေဆုံးသူ စစ်သား ၄၀ ဝန်းကျင်ရှိပြီး  ဒဏ်ရာရသူ ၁၀၀ ဂဏန်းနီးပါးရှိနိုင်ကြောင်း ဒေသခံများကပြောသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၁၃ ရက် တစ်ရက်တည်း တိုက်ပွဲတွင်လည်း သေဆုံးသူစစ်သား ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာသူ ၅၀ ထက်မနည်းရှိနိုင်ကြောင်း၊ အဆိုပါဒဏ်ရာစစ်သားများကို ခလရ ၃၄ တပ်ရင်းနှင့် ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်မှုကုသမှုများရှိကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့က တိုက်ပွဲမှာ ပြင်းထန်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများနေ၍ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့်  တိုက်ပွဲဖြစ်နေသည့်  ကုလဘာ၊ ငှက်ပျောချောင်းရွာအနီးဝန်းကျင်များသို့ ဗုံးကြဲခဲ့ကြောင်းလည်း ဒေသခံများကပြောသည်။

လက်ရှိခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်း ဒဏ်ရာရစစ်သား ၄၆ ယောက်ရောက်ရှိနေပြီး သူနာပြုများက ဂျူတီအချိန်ပြည့်စောင့်ကြပ်နေရကြောင်း ဆေးရုံနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

" ကျောက်ဖြူဆေးရုံမှာ ဒဏ်ရာရစစ်သား လူနာ လေးဆယ်နဲ့ ခြောက်ယောက် ရောက်လာတယ်လို့ သိရတယ်။ အခုကျောက်ဖြူဆေးရုံမှာ ဆရာဝန်ကြီးတွေမရှိတော့လို့ ဆရာဆရာမ သူနာပြုတွေက ဂျူတီကို အချိန်ပြည့်စောင့်နေရတယ်" ဟု ကျောက်ဖြူဒေသခံတစ်ဦးကပြောသည်။

ဒဏ်ရာပြင်းထန်သည့်စစ်သားများကို ကျောက်ဖြူခရိုင်ဆေးရုံကိုပို့ဆောင်ပြီး တခြားဒဏ်ရာ အနည်းငယ် ရရှိသည့် စစ်သားများကိုမူ ခလရ ၃၄ တပ်ရင်းများသို့ စစ်ကားများဖြင့် ပြန်လည်သယ်ယူနေခြင်းဖြစ်ကြောင်း မြို့ခံများကပြောသည်။

" သူတို့ဒဏ်ရာရတဲ့စစ်သားတွေကို ခလရ ၃၄ တပ်ရင်းထဲလည်း ကားနဲ့သယ်လာတွေ တော်တော်ရှိတယ်။ တပ်ထဲကိုသယ်ယူသွားတဲ့ ဒဏ်ရာရသူစာရင်းတော့မသိနိုင်ဘူးလေ။ ဆေးရုံမှာတော့ ၄၆ ယောက်ရှိတယ်" ဟု ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့သည် ဖေဖော်ဝါရီလ ၁၂ ရက်၊ မနက်ပိုင်းကစတင်ပြီး ကျောက်ဖြူမြို့နှင့် ၇ မိုင်ခန့်သာကွာဝေးသည့် ငှက်ပျောချောင်းရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပထမနေ့တိုက်ပွဲအတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများကို တပ်ရင်းများသို့ ပြန်သယ်ယူလာသလို ကျောက်ဖြူသင်္ချိုင်းသို့ သင်္ဂြိုလ်ရန်  စစ်သားအလောင်းများကို သယ်ယူလာကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

နောက်ထပ်ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း" ညကခါ ၁၆ လောင်းလောက် ကားတစ်စီးနဲ့တင်သွားတယ်လို့သိထားရတယ်။သူတို့ကျောက်ဖြူသင်းချိုင်းမှာမီးသဂြိုလ်ကြတယ်ထင်တယ်ဗျ။ သင်္ချိုင်းကိုလည်း လုံခြုံရေးယူထားကြတာရှိတယ်" ဟု နိရဥ္စရာသို့ပြောသည်။

စစ်ကောင်စီသည် ထမနေ့ကပင် တိုက်ပွဲဖြစ်ရာနေရာများသို့ မြို့ပေါ်တပ်ရင်းများဖြစ်သည့် ခမရ ၅၄၂ ၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့မှ စစ်ကူများကိုဆက်တိုက်ပို့ဆောင်နေပြီး ဒဏ်ရာရစစ်သားများကို စစ်ကားများဖြင့် တပ်ရင်းများသို့ ပြန်သယ်ယူနေကြောင်း ဒေသခံများကပြောသည်။(NN-23)

ဆက်စပ် သတင်းများ