- Web Master
- ၂၈ သြဂုတ် ၂၀၂၄
( ဖမ်းဆီးခံထားရသူ အနည်းဆုံး လူပေါင်း ၅၀ ခန့်ရှိနေဟုဆို )
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် စစ်တပ်က အထက်တန်းပြနှင့် အလယ်တန်းပြကျောင်းဆရာမ ၈ ဦးကို နောက်ထပ် ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
အဆိုပါ ဆရာမ ၈ ဦးသည် ယမန်နေ့ နိုဝင်ဘာ
၁၆ ရက်၊ ညနေက ပေါက်တောမြို့ရှိ လောကထိပ်ပန်ဘုရားတောင်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
"မနေ့ကအဖမ်းခံရတာ။ တောင်ပေါ်က စစ်သားတွေဖမ်းတာ။ သူတို့က ဆရာမတွေရဲ့ဖုန်းတွေကို သိမ်းထားပြီး မနက်ကျမှ အဖမ်းခံရတယ်လို့ အိမ်ကိုသတင်းပေးခိုင်းလို့သိရတာ။ အခုထိ မလွတ်သေးဘူး"ဟုပြောသည်။
ဖမ်းဆီးခံရသည့်ဆရာမများမှာ ပေါက်တောမြို့ အထကကျောင်းတွင်တာဝန်ကျနေသည့် အထက်တန်းဆရာမနှင့် အလယ်တန်းဆရာမများ ဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့မှ ဒေသခံများအား ယမန်နေ့က နေ့လယ် ၁ နာရီအတွင်း ထွက်ပြေးရန် စစ်ကောင်စီက ပြောဆိုမှုများရှိခဲ့ပြီး အချိန်မီ မပြေးနိုင်လိုက်၍ စစ်ကောင်စီတပ်သားများထံ အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း နိရဉ္စရာကို ဆက်လက်ပြောဆိုသည်။
"ဆရာမတွေ ထွက်ပြေးတာအချိန်မမီလိုက်ဘူးထင်တယ်။ တခြားသူတွေလည်း အဖမ်းခံရတယ်ကြားမိတယ်။ အခုချိန်ထိစာရင်းအတိကျ မသိရသေးပါဘူး" ဟုပြောသည်။
ယမန်နေ့က ပေါက်တောမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ ဖမ်းဆီးခံရသူများမှာ လူပေါင်း ၅၀ ခန့် ရှိသည်ဟု သိရပြီး သူတို့နှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို နိရဥ္စရာအနေဖြင့် စုဆောင်း ရရှိနိုင်ခြင်း မရှိသေးပါ။
ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်၊ ညဥ့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယင်းနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဥ်တစ်စီးဖြင့် မြို့ကို လာရောက်ပစ်ခတ်ခဲ့သည်။
ယင်းနောက် နောက်ထပ် စစ်ဇက်ရေယာဥ်နှစ်စီးနှင့်အတူ ရဟတ်ယာဥ်တစ်စီး ထပ်မံလာရောက်ပစ်ခတ်ခဲ့ပြန်သည်။
ညနေ ၃ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများသည် ပေါက်တောမြို့ကို ဝင်ရောက်လာပြီး ထွက်မပြေးနိုင်ဘဲကျန်နေခဲ့သည့်ဒေသခံများကို ရက်ရက်စက်စက် ပစ်သတ်သွားခဲ့သည်ဟုလည်း ဒေသခံများက ပြောဆိုသည်။
အသတ်ခံရသူ ၂၀ ဦးခန့်ရှိနိုင်သည်ဟု သတင်းများထွက်ပေါ်နေပြီး နိရဥ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သေဆုံးသွားသည့် ရုပ်အလောင်းများကိုမူ လက်ရှိ နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းအထိ လာရောက် ကောက်ယူနိုင်မှုမရှိသေးဟုလည်း ပေါက်တောဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
ယင်းအပြင် ယမန်နေ့ည ၉ နာရီခန့်မှစတင်ကာ ပေါက်တောမြို့တွင် လျှပ်စစ်မီးဖြတ်တောက် ခံထားရသည်ဟု ဒေသခံများကပြောသည်။
ပေါက်တောမြို့ခံအမျိုးသမီးတစ်ဦးက
"ည ၉ နာရီလောက်ကနေ မီးဖြတ်ထားတာ။ မီးလည်း အဖြတ်ခံရတယ်။ မြို့ထဲမှာ လူတွေလည်း ပိတ်မိနေတယ်။ ထွက်ပြေးသွားတဲ့လူတွေလည်း ဆန်တွေ၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်။ အပြစ်မရှိဘဲဖမ်းဆီးခံထားရတဲ့သူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်။ မိသားစုတွေလည်း စိတ်ပူနေကြတယ်"ဟု ပြောသည်။
လက်ရှိတွင် ပေါက်တောမြို့၌ စစ်ကောင်စီဘက်မှ စစ်အင်အားများ ၂၀၀ ကျော်နှင့် ရဲအင်အား ၆၀ ခန့်ဖြည့်တင်းထားသည်ဟု သိရသည်။
(NN-11)