ရခိုင်တွင် တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်နေသည်မှာ နှစ်ပတ်ကြာလာပြီဖြစ်သော်လည်း မိုင်းတစ်လုံးမှ မတွေ့သေးဟုဆို
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၀၃ မတ် ၂၀၂၁
-
| ကြည့်ရှုသူ:
10.1k
ဆောင်းဇာခြည်
နိရဉ္စရာ၊ မတ် ၃/
၂၀၂၁
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်နေသည်မှာ နှစ်ပတ်
အချိန်ရှိလာပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ မိုင်းတစ်လုံးမှ မတွေ့သေးဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူးကြီး နေထွန်းလှိုင်က ပြောသည်။
“မိုင်းရှင်းတာက ကျွန်တော်တို့ တစ်ဖွဲ့က မြောက်ဦးနဲ့ တိမ်ညိုကြားမှာ
တစ်ဖွဲ့ရှင်းနေပါတယ်။ နောက်တစ်ဖွဲ့က မင်းပြားမြို့နယ် ဖားပြိုဘက်ကို ရောက်သွားပါပြီဗျ။
လက်ရှိအခြေနေမှာတော့ မိုင်းတွေ့တာ မရှိပါဘူး” ဟု ယမန်နေ့ ညနေ ၅ နာရီခန့်က နိရဉ္စရာသတင်းဌာနက ဆက်သွယ်စဉ် ပြောဆိုသည်။
မိုင်းရှင်းလင်းရေးကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်တွေ-အမ်း ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက်
ပြုလုပ်နေခြင်း ဖြစ်သည်။
တပ်မတော်က မိုင်းရှင်းလင်းရေး ပြုလုပ်နေသည့်
နေရာများမှာ အမ်း-စစ်တွေ ပြည်ထောင်စု ကားမကြီး ဘေးဝဲယာတစ်လျှောက်အပြင် ရသေ့တောင်မြို့နယ်
အငူမော်မှ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအထိ ကားလမ်းဘေးဝဲယာတစ်လျှောက်တို့ဖြစ်ကြောင်း
သိရသည်။
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ၂ နှစ်ကြာ
တိုက်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်း အကျန်ပစ္စည်းများ ပေါက်ကွဲ၍
လူပေါင်း ၃၀ ကျော်သေဆုံးခဲ့ရပြီး လူပေါင်း ၇၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး
(REC) ၏ စာရင်းအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်
နှစ်သိန်းနီးပါးခန့် ရှိနေပြီး အများစုမှာ စစ်ကျန်လက်နက်ပစ္စည်းများနှင့်
မြေမြုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ပြီး နေရပ် မပြန်နိုင်ဖြစ်နေကြသည်။