- Web Master
- ၁၇ မေ ၂၀၂၄
ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ မေ ၁၅ / ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အနောက်ရွာနေ ဦးကျော်ဦးထွန်း (၆၆) နှစ်မှာ ယနေ့ နံနက် ၁၀ နာရီအချိန်ခဲ့က မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံး ပြတ်သွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းမှာ ဒါးလက်အနောက်ရွာအနက်ဖက် ၃ဖာလုံအကွာ ကျောက်တံခါးတောင်ရှိ မိမိပိုင်ဆိုင်သော သီဟိုဠ်ခင်းထဲသို့ သွားရောက်ကြည့်ရှုစဉ် ပေါက်ကွဲခြင်းဖြစ်သည်ဟု အမ်းမြို့ဒေသခံ ကိုမျိုးလွင်က ပြောသည်။
“သူ့သီဟိုဠ်ခင်းမှာ ရွာသားတချို့ကို သီးဟိုဠ်စေ့ကောက်ဖို့ခိုင်းထားတယ်။ အဲဒါကို သူက ကြည့်ဖို့သွားတာ။ ဥယျာဉ်ထဲကို ရောက်တော့ ဟိုသွား၊ ဒီသွားနဲ့ သွားလာနေတော့ အဲဥယျာဉ်ထဲမှာပဲ မိုင်းပေါက်ကွဲပြီးတော့ သူရဲ့ ခြောက်ထောက် နှစ်ချောင်းလုံး ဒူးဆစ်အောက်ကနေ ပြတ်တောက်သွားတယ်လို့ သိရတယ် ” ဟုပြောသည်။
ဒဏ်ရာရရှိသွားသူအား တပ်ဆေးရုံနှင့် အမ်းပြည်သူ့ဆေးရုံ မည်သည့်ဆေးရုံသို့ ပို့ဆောင်သွားမည်ကို မသိရှိရသေးသော်လည်း ဒါးလက်ဒေသသည် တပ်မတော်မှ လွှမ်းမိုးထားသည့်ဒေသဖြစ်သောကြောင့် တပ်ဆေးရုံသို့ ပို့ဆောင်ရန် ယူဆမိသည်ဟု ကိုမျိုးလွင်က ဆက်လက်ပြောဆိုသည်။
ခြေထောက်ပြတ်တောက်သွားသော ဦးကျော်ဦးထွန်းမှာ ရခိုင်အမျိုးသား တစ်ဦးဖြစ်ကြောင်း သိရှိရသည်။