ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပလက်၀မြို့နယ် အဘောင်သားကျေးရွာတွင် ပျောက်ဆုံးနေသည့် ယောကျ်ားဖြစ်သူကျောင်းအုပ်ဆရာကြီးကို သွားရှာရာမှ ဇနီးဖြစ်သူမိုင်းနင်းသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ သြဂုတ် ၂၄/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ဒေါ်နန်လောင်ခမ်း (၄၃နှစ်) သည် ယနေ့ နံနက်က ပျောက်ဆုံးနေသည့် သူမ၏ယောင်္ကျားဖြစ်သူ ကျောင်းအုပ်ဆရာကြီးကိုသွားရှာရာမှ မိုင်းနင်းမိကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သူမသည် ယနေ့နံနက် ၇ နာရီခန့်က လင်ယောင်္ကျားကို သွားရှာရာတွင် အဘောင်သားကျေးရွာ အထက်ဘက်ရှိ လယ်ကွင်းပြင်တွင် မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

"သူကယောကျ်ား ကျောင်းဆရာကြီးကိုရှာဖို့ဆိုပြီးသွားတာ။ ရွာအထက်ကလယ်ပြင်မှာ မိုင်းနင်းပြီး သေသွားတာပါ။ ယောကျ်ားကို စိတ်ပူပြီး စ်ာက်တည်းသွားရှာတာပါ။ သူ့ယောကျ်ားကိုလည်း ရှာမတွေ့သေးဘူး။ တိုက်ပွဲတွေဖြစ်နေတယ် တိုက်ပွဲဖြစ်နေတုန်း ဆရာမ သွားမရှာနဲ့ဆိုပြီးတော့ ရွာသားတွေကလည်း တားသေးတယ်" ဟု အဘောင်သားကျေးရွာသား တစ်ဦးက ပြောသည်။

ရွာသားများ၏ အပြောအရ သူမတွင် ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာပြင်းထန်ရရှိသေဆုံးသွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ၎င်းကို ယနေ့နေ့လည် ၂ နာရီကျော်ခန့်က မီးသဂြိုလ်လိုက်ပြီဖြစ်ပြီး သူမတွင် ကျန်ရှိခဲ့သည့် အလယ်တန်းအရွယ်သားနှစ်ဦးနှင့် ခြောက်နှစ်အရွယ်သမီးတို့ကိုလည်း ပလက်ဝမြို့ရှိ ၎င်းတို့၏ ဆွေမျိုးထံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကျေးရွာသားများကပြောသည်။

၎င်း၏ပျောက်ဆုံးနေသော သူမ၏ ယောကျ်ားမှာ အဘောင်သားကျေးရွာ မူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်အေးဖြစ်ပြီး ၎င်းသည်  ပြီးခဲ့သည့် ၂၁ ရက်နေ့က အဘောင်သား ကျေးရွာအနီးရှိ တော၊ တောင်သို့ မျှစ်ရှာသွားစဉ် အိမ်ပြန်မလာဘဲ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းကျောင်းအုပ်ဆရာကြီး ပျောက်ဆုံးနေသည့်ရက်တွင် အဘောင်သားကျေးရွာအနီးတဝိုက်၌ အေအေနှင့်မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ပလက်ဝ အခြေစိုက် ခမရ ၂၈၉ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင်လည်း ယင်းအဘောင်သားကျေးရွာအနီးတဝိုက်ပတ်ပတ်လည်တွင် အေအေနှင့် မြန်မာစစ်တပ်တို့ လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်နေကြပြီး ပလက်ဝ ၂၈၉ တပ်ရင်းမှ လည်း က်နက်ကြီးများပစ်ခတ်နေရာ လက်နက်ကြီးအချို့  အဘောင်သားကျေးရွာအထဲသို့ ကျရောက်မှုရှိသည်ဟု ကျေးရွာသား တစ်ဦးက ပြောသည်။  

ရွာသားများမှာလည်း ပလက်ဝမြို့ပေါ်သို့ တိမ်းရှောင်လာနေရကြောင်း သိရသည်။

" တိုက်ပွဲဖြစ်နေတော့ တစ်ယောက်မှလည်း ဆရာကြီးကို သွားမရှာရဲကြဘူး။ အခုလည်းရွာက အားလုံးထွက်ပြေးလာကြတော့ ရှာလို့မရတော့ဘူး။ ဟိုနေ့ကလက်နက်ကြီးကျလို့ ရွာထဲက ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းက နံရံတွေ ပျက်စီးသွားသေးတယ်" ဟုပြောသည်။

ယခုမိုင်းနင်းမိ၍ သေဆုံးသွားသောနေရာသည် မြန်မာစစ်တပ်စခန်းချရာနေရာနှင့်နီးပြီး တိုက်ပွဲများ မကြာခဏဖြစ်နေသော နေရာဖြစ်ကြောင်း  ဒေသခံများကပြောသည်။ (NN-8)

ဆက်စပ် သတင်းများ