တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

ကျောက်တော်တွင် ကုလားတန်မြစ်ရေတိုးလာ၍ ဒေသခံ တစ်ထောင်ကျော်ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွေ့လိုက်ကြောင်း ပြည်နယ်ကောင်စီထုတ်ပြန်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 760

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ကုလားတန်မြစ်ရေတိုးလာ၍ မြစ်ကမ်းအနီးရှိ ဒေသခံ ၁၁၄၀ ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွေ့ထားရသည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည်။

“ကျောက်တော်မြို့နယ်တွင် (၇-၈-၂၀၂၃)ရက်နေ့ကတည်းက ကစ္ဆပနဒီ မြစ်ရေတိုးမှုကြောင့် မူးချောင်းကျေးရွာမှ အိမ်ထောင်စု (၅၅)စု၊ ကျောက်တလုံးကျေးရွာမှ အိမ်ခြေ (၁၅၀)၊ လူဦးရေ ကျား (၄၁၀) မ (၇၃၀)တို့အား ရေလွတ်ရာ ကျောက်တစ်လုံးဘုန်းကြီးကျောင်းသို့ သက်ဆိုင်ရာက ရွှေ့ပြောင်းပေးထားပါသည်”ဟု ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ သြဂုတ်လ ၈ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် ထုတ်ပြန် ရေးသားထားသည်။

ကုလားတန်မြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်၍ မြစ်ကမ်းအနီးရှိ ဒေသခံများ အထူးသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နံနက် ၇ နာရီက သတိပေးပြီးနောက် ယခုကဲ့သို့ ပြောင်းရွေ့နေကြရခြင်းဖြစ်သည်။



ကုလားတန်မြစ်ကမ်းအနီးရှိ ဂုပ္ပီထောင့်ကျေးရွာမှ ကိုမင်းသိန်းဇံက “ရေက မနေ့ကထက် ပိုတိုး လာနေတယ်။ မြစ်ကမ်းနားက အိမ်တွေတော့ မြုပ်နေပြီ။ ရွာထဲတော့ ရေ မရောက်သေးဘူး”ဟု ယနေ့ နေ့လယ်က ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်တွင်လည်း လေးမြို့မြစ်ရေသည် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ထိုးကျော်လွန်ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

ယမန်နေ့ သြဂုတ်လ ၇ ရက်မှစတင်ကာ မြောက်ဦးရှိ မြေနိမ့်ပိုင်းရပ်ကွက်အချို့မှ ဒေသခံများနှင့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ၊ စုစုပေါင်း လူဦးရေ ၁ ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးထားရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ နံနက် ၂ နာရီခွဲမှ ဩဂုတ်လ ၁၁ ရက်၊ နံနက် ၂ နာရီခွဲအထိ ၃ ရက်အတွင်း မိုးအလွန်သည်းထန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။ 

ဓာတ်ပုံ - မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် မြို့နယ်မီးသတ်ဌာနက အရေးပေါ်ပြောင်းရွေ့ပေးနေကြစဉ်။


Photo – Rakhine Fire Force

ဆက်စပ် သတင်းများ