တနင်္ဂနွေ၊ ဇူလိုင်လ ၇ရက်၊ ၂၀၂၄

ရေအနည်းပြန်ကျသွားသော်လည်း ဆက်လက်ရေမြုပ်နေ၍ ကျောက်တော် လမုလက်နက်ကျေးရွာသားများ တောင်ပေါ်တွင် ဆက်လက်နေထိုင်ကြရ


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 679

ရေအနည်းငယ်ကျသွားသော်လည်း ရွာထဲတွင် ရေနစ်သေးသဖြင့် ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသဘက်ရှိ လမုလက်နက် ကျေးရွာသားများ အနေဖြင့် တောင်ပေါ်တွက်  ယာယီ တဲထိုး၍ နေထိုင်နေကြရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါရွာတွင် ယမန်နေ့ သြဂုတ်လ ၈ ရက်က ပုံမှန်ရေအမြင့်ထက် ၁၀ ပေခန့် မြင့်တက်ခဲ့သည့်အတွက် ရွာသားများသည် အနီးအနားတောတောင်များသို့ ရွေ့ပြောင်းနေကြရကြောင်း၊ လက်ရှိ ၃ ပေခန့်ကျ သွားကြောင်း လမုလက်နက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က ဆိုသည်။

''ဒီဖက်က ကျတော့ မိုးရွာရင်လည်း ရေက ကျဖို့ခက်တယ်။ အိမ်တွေက ရေမြုပ်သွားတာရှိတယ်။ ဒါကြောင့် တောင်ပေါ်မှာ ယာယီအဆောင်တွေ ဆောက်ပြီးနေထိုင်နေရပါတယ်'' ဟု ဆိုသည်။

လက်ရှိတွင် ရေ ၃ ပေခန့် ပြန်ကျသွားသော်လည်း ရေပြန်တက်လာမည်ကိုစိုးရိမ်၍ နေအိမ်သို့မပြန်ရဲသေးဟု ၎င်းက ဆက်ပြောသည်။

''ရေပြန်တက်လာမလား။ အခြေအနေ ဘယ်လိုရှိလဲဆိုတာကို မသိသေးတဲ့အတွက် လောလောဆယ် ကျနော်တို့ မပြန်ကြသေးဘူး။ တာပေါ်လင်စတွေ အရေးပေါ် လိုအပ်နေပါတယ် ''ဟု ဆက်ပြောသည်။

လမုလက်နက်ကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်နှင့် လူဦးရေ ၂၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်က လေပြင်းတိုက်ခတ်ပြီးနောက် သြဂုတ်လ ၄ ရက်ခန့်မှ စတင်ကာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ဘူးသီးတောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်စသည့် မြို့နယ် အများအပြားတွင် ရေကြီးမှုများဖြစ်ပေါ်နေပြီး လူသေဆုံးများလည်း ရှိနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ