ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် သက်ကြီးဂီတပညာရှင်ကြီးများပူဇော်ပွဲ ပထမဆုံးအကြိမ်ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k

ဆောင်းဇာခြည်
နိရဉ္စရာ၊ မတ် ၈/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မတ်လ ၇ ရက်နေ့က သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ပွဲကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အသက် ၇၅ နှစ်အထက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ပွဲကို ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်တွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပူဇော်ရာတွင် ပါဝင်ခဲ့သည့် ဦးဘမင်းသိန်းက “ကျွန်တော်က စန္ဒရားတီးပါတယ်။ ကျောက်ဖြူက အနုပညာရှင်တွေနဲ့ ဝါသနာပါတဲ့ လူငယ်တွေက သက်ကြီးဂီတပညာရှင်တွေကို ပူဇော်ပွဲလုပ်တာပါ။ ရခိုင်ပြည်မှာ ဒီလိုပွဲမျိုး မလုပ်ဖူးသေးဘူး။ လုပ်လေ့လုပ်ထ မရှိသေးဘူးပေါ့နော်။ ဒီအခု သက်ကြီးဂီတပူဇော်ပွဲဟာ အစဉ်အလာတစ်ခုလည်း ဖြစ်သွားအောင်၊ တခြားမြို့နယ်တွေမှာလည်း အတုယူလုပ်လို့ရကြအောင်လို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု ပြောသည်။

အနုပညာရှင်များနှင့် ဝါသနာပါသည့် လူငယ် စုစုပေါင်းမှာ ၅၀ ဦးတို့က ဦးဆောင်ကာ ယင်းပွဲကိုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ၅၀ ဦးထဲတွင် မယ်ဒလင်၊ စန္ဒရား၊ ကီးဘုတ်၊ ဂီတ၊ အဆို၊ အက စသည့် အနုပညာရှင်များနှင့် ဝါသနာရှင်များ ပါဝင်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့မှာ ဆို၊ က၊ ရေး၊ တီး အစုံပါပါတယ်။ ဒါပေမယ့် ပူဇော်ခံ သက်ကြီးဂီတပညာရှင်က သုံးယောက်တည်းပါ။ နယ်ဘက်တွေကကျတော့ အလှမ်းဝေးလို့ မပါလိုက်ဘူး။ နောက်နှစ်တွေမှာ ဆိုရင်တော့ စာပေသမားတွေပါ ထည့်ပါမယ်။ ဒီလိုပူဇော်ပွဲကို နောက်နှစ်တွေမှာလည်း လုပ်သွားဖို့ အစီစဉ်ရှိပါတယ်” ဟု ၄င်းက ပြောသည်။

ယင်းပူဇော်ခံ သက်ကြီးဂီတပညာရှင် သုံးဦးမှာ ကျောက်ဖြူမြို့မှ နှဲပညာရှင် ဦးဘမောင်၊ တယောပညာရှင် ဦးဇင်းဇနက (ခ) ဦးလှသောင်း၊ တေးရေးဆရာ ဦးရန်ကြီးအောင်တို့ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ