တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မြေပုံမြို့နယ်တွင် စကားမပြောတတ်သည့်အပြင် စိတ်မနှံ့သည့် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 5.5k

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မွေးရာပါစကားမပြောတတ်သည့်အပြင် စိတ်မနှံသည့် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးကို အသက် ၆၀ ကျော်အရွယ် ကိုယ်ရင်ကြီးတစ်ပါးက အတင်းအဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ကြောင်း မိသားစုဝင်များက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပြုကျင့်ခံရသူ အမျိုးသမီးငယ်မှာ မြေပုံမြို့နယ်၊ မိုးထိနတ်တောင်၊ ကုန်ဘောင်ကျေးရွာမှဖြစ်ပြီး မွေးရာပါစကားမပြောနိုင်သည့်အပြင် စိတ်မနှံ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

သူမသည် အောက်တိုဘာလ ၁ဝ ရက်၊ ညနေ ၃ နာရီခွဲခန့်က နေအိမ်အတွင်း တစ်ဦးတည်းရှိနေချိန် ကုန်ဘောင်ကျေးရွာဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ထိုကိုယ်ရင်ကြီးကဝင်ရောက်၍ သားမယားပြုကျင့်ခဲ့ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း မိန်းကလေးငယ်၏ အစ်ကိုဝမ်းကွဲတော်စပ်သူက ပြောသည်။

"ကောင်မလေးမိဘတွေမရှိတုန်း အိမ်ထဲဝင်ပြီးတော့ သားမယားပြုကျင့်တာပါ" ဟု ပြောသည်။

ယင်းနေ့၊ ယင်းအချိန်က ထိုအမျိုးသမီးငယ်၏ မိဘများမှာ ကျေးရွာသားတစ်ဦး၏ နာရေးလိုက်ပို့နေစဉ် နေအိမ်တွင် တစ်ဦးတည်းကျန်နေခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့အတင်းအဓမ္မပြုကျင့်နေသည်ကို အမျိုးသမီးငယ်၏ ဝမ်းကွဲအစ်မတော်စပ်သူက ပက်ပင်းတိုးဖမ်းမိခဲ့ခြင်းကြောင်း အစ်ကိုဝမ်းကွဲတော်စပ်သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

" အဲဒီမိန်းကလေးက စကားလည်း မပြောတတ်ဘူး။ စိတ်ပိုင်းလည်း ပုံမှန်မဟုတ်ဘူး။ အဲလိုကျူးလွန်နေတာကို အစ်မဝမ်းကွဲက ဖမ်းမိခဲ့တာ။ အိမ်တံခါးတွေပိတ်ထားတယ်ဆိုပြီး မသင်္ကာလို့ ဝင်ကြည့်တာမှာတွေ့တာပါ" ဟု ပြောသည်။

အဓမ္မမှုကျူးလွန်သည်ဆိုသော ကိုယ်ရင်ကြီးမှာ ကုန်ဘောင်ကျေးရွာဇာတိမဟုတ်ဘဲ အဆိုပါကျေးရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာသည်မှာ နှစ်အနည်းငယ်သာရှိသေးကြောင်း သိရသည်။

အဆိုပါကိုယ်ရင်ကြီးမှာ သင်္ကန်းခြုံထား သူတစ်ဦးဖြစ်ပြီး အလှူခံ၍ ရရှိထားသည့်ငွေကြေးများကို ကျေးရွာသားများကို ငွေတိုးချေးစားနေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ထိုကိုယ်ရင်ကြီးအား မြေပုံမြို့နယ်မှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်  (ULA/AA) ၏ ကျောက်ငနွားနယ်မြေရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ULA/AA တာဝန်ရှိသူများကို မေးမြန်းနေဆဲဖြစ်ပါသည်။

ရခိုင်တွင် ယခုနောက်ပိုင်း မြေပုံအပါအဝင် ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် သက်ငယ်မုဒိမ်းမှုများအပါအဝင် အဓမ္မကျူးလွန်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဉ်များအတွင်း ကျူးလွန်သူများကိုလည်း ULA/AA က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ (NN-23)

ဓာတ်ပုံ - မြေပုံမြို့နယ်မှ ကျူးလွန်ခံရသူအမျိုးသမီးငယ်။




ဆက်စပ် သတင်းများ