သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA ဖမ်းဆီးစဉ် အမောဖောက်သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ ရုပ်အလောင်းအား ရန်ကုန်သို့ ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၅ / ၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားစဉ် အမောဖောက်သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ရုပ်အလောင်းအား ရန်ကုန်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အသက် ၆၁ နှစ်အရွယ် VINOO GOPAL အမည်ရှိ အိန္ဒိယနိုင်ငံသား၏ရုပ်အလောင်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၈ နာရီကျော်ခန့်တွင် စစ်တွေမှတဆင့် ရန်ကုန်သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု စစ်တွေရှိ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးမှ သိရသည်။

"ည ၈ နာရီကျော်လောက်မှာ ပို့လိုက်တာပါ။ သူတို့မှာ ကိုယ်ပိုင်အငှား၊ ကိုယ်ပိုင်လေယာဉ်နဲ့ပေါ့လေ။"ဟု အဆိုပါရုံးမှ အမည်မဖော်လိုသူတစ်ဦးက နိရဉ္စရာကို ပြောသည်။

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့သည့် အိန္ဒိယနိုင်ငံသား နောက်ထပ် လေးဦးအနက် သုံးဦးသည် VINOO GOPAL ၏ ရုပ်အလောင်းနှင့်အတူ လိုက်ပါသွားခဲ့ပြီး ကျန်တစ်ဦးသည် ယနေ့တွင် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည်ဟုလည်း သိရသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ဇူရမ် - ပူရီလမ်းဖောက်လုပ်နေသည့် ကုမ္ပဏီနှစ်ခုမှ ဝန်ထမ်းများဖြစ်သော အိန္ဒိယနိုင်ငံသား ၅ ဦးနှင့်အတူ စကားပြန်နှစ်ဦး၊ Speed Boat မောင်းသမားနှစ်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတို့ပါ ၁ဝ ဦးသည် နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်တွေမြို့သို့ Speed Boat များဖြင့် ကုလားတန်မြစ်အတိုင်း မောင်းနှင်လာရာ ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း VINOO GOPAL သည် အသက်ရှူမွန်းကြပ်ကာ ရုတ်တရက်အမောဖောက်လာသောကြောင့် ဖမ်းဆီးခံရသူများနှင့်အတူ ရက္ခိုင့်တပ်တော်(AA)၏ ဆေးတပ်သားများက ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ခဲ့သော်လည်း အသက်သေဆုံးသွားရခြင်းဖြစ်သည်ဟု AA ၏ နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားချက်တွင်ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများအနက် အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် လူ ၉ ဦးကို AA က နိုဝင်ဘာလ ၄ ရက်နေ့နံနက်အစောပိုင်းတွင် လွှတ်ပေးခဲ့သော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို စစ်ဆေးစရာရှိသည်ဟုဆိုကာ ပြန်မလွှတ်သေးဘဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာကိုပြောသည်။
ဓာတ်ပုံ - သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား၏ရုပ်အလောင်းအား စစ်တွေလေဆိပ်သို့ သယ်ဆောင်လာစဉ်။

------------------------

Unicode Version










ဆက်စပ် သတင်းများ