တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်လက်ထဲ ကျလုနီးပါးဖြစ်နေသော မင်းပြားမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် အသည်းအသန် ခုခံကာကွယ်နေ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

ရက္ခိုင့်တပ်တော်(AA)၏  ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကျလုနီးပါးဖြစ်နေသော မင်းပြားမြို့ကို စစ်ကောင်စီက   လေကြောင်းကို အဓိကထားပြီး အသည်းအသန် ခုခံကာကွယ်နေကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်မှစတင်ကာ မင်းပြားမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမ၇ (၃၇၉)၊ (၃၈၀) နှင့် (၅၄၁) တပ်ရင်းများနှင့် ကျိန်းတောင်ပေါ် တပ်စွဲထားသည့် တပ်စခန်းတို့ကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်အထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက်အရုဏ် ၅ နာရီခန့်ကတည်းကနေ တစ်နေကုန် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

" မနေ့ မနက်ကလည်း ဂျက်တိုက်လေယာဥ်နဲ့ အပြောင်းအပြန်လာပစ်တယ်။ နေ့လယ်ပိုင်းမှာလည်း တောက်လျှောက်လာပစ်တယ်။ အခုညနေဘက်ရောက်တဲ့အထိ ပစ်ချနေတုန်းပါ။ ဘယ်နှစ်ကြိမ်ရှိပြီလဲတောင် မမှတ်မိတော့ဘူး။ တစ်အုန်းအုန်း တဒိုင်းဒိုင်းနဲ့ ကြားနေရပါတယ်"ဟု ပြောသည်။

၎င်းနေ့ နံနက် ၈ နာရီကျော်ခန့်က စစ်ရဟတ်ယာဥ် Mi-35 ဖြင့် လာရောက်ပစ်ခတ်ချိန်တွင် မင်းပြားမြို့အနီး ဆင်ကြီးပြင်ရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နောက်ထပ်မြို့ခံတစ်ဦးက ပြောသည်။

"ကျိန်းတောင်နောက်ကျော ၃၇၉ တပ်ရင်းနားမှာ ပြင်းပြင်းထန်ထန်ဖြစ်နေတာတွေကြားရပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေတောင်မက မြို့ပေါ်တွေကိုလည်း ဗုံးကြဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ မနက်က လေယာဥ်နဲ့လာပစ်တုန်းက ဆင်ကြီးပြင်အနောက်ဘက်က မီးခိုးတွေထွက်နေတာ တော်တော်ကြာ မြင်လိုက်ရပါတယ်။ အခုလည်း ကြားတဲ့အတိုင်းပဲ ဂျက်တိုက်လေယာဉ်နဲ့ လာပစ်နေတာ တော်တော် ကြောက်စရာကောင်းတယ်"ဟု  ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြောသည်။

မင်းပြားတပ်ရင်းများအား အေအေက အသာစီးရရှိထားပြီး တပ်ရင်းများကို သိမ်းပိုက်နိုင်တော့မည့် အချိန်လုတိုက်ပွဲဖြစ်နေချိန်တွင် စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများကို အသုံးပြုကာ  လေကြောင်းကနေ တိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လက်ရှိ မင်းပြားအခြေစိုက် ခမ၇ (၃၈၀) တပ်ရင်းကို လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်ကာ ကျန်တပ်ရင်း ၂ ခုဖြစ်သည့် ခမ၇ (၃၇၉) နှင့် (၅၄၁) တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် မင်းပြားမြို့ ရက္ခိုင့်တပ်တော်လက်ထဲမကျရေးအတွက် ကြည်း၊ရေ၊ လေ ဘက်ပေါင်းစုံအသုံးပြုကာ ခုခံကာကွယ်နေသဖြင့် တိုက်ပွဲများမှာ အလွန်ပြင်းထန်နေသည်ဟုလည်း ဒေသခံများက ပြောကြားသည်။

မင်းပြားမြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ခလရ (၆၁) မှ ဗိုလ်မှူး ကိုကိုဦး အပါအဝင် အကျအဆုံးများနေပြီး တပ်ထဲကနေ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်သား အများအပြားရှိနေကြောင်း သိရသည်။

လက်ရှိမှာ မင်းပြားမြို့ပေါ်တွင် လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်ပျက်စီးမှု အများအပြားရှိနေကြောင်းလည်း သိရသည်။ (NN-7) 

ပုံစာ- ဇန်နဝါရီ ၁၆ ရက်နေ့ မင်းပြားမြို့ တိုက်ပွဲမြင်ကွင်း


ဆက်စပ် သတင်းများ