တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီသည် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် သတိထားနေထိုင်ကြရန် ရက္ခိုင်တပ်တော် (AA) မှ တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ရခိုင်ပြည်တွင် တိုက်ပွဲတိုင်း စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် ပြည်သူများကို အဓိက ပစ်မှတ်ထားပြီး မြေပြင်မှ လက်နက်ကြီးများ၊ ဝေဟင်မှ လေယာဉ်များ၊ ရေကြောင်းမှ အမြောက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်နေသဖြင့် အထူးသတိထားနေထိုင်ကြရန် တိုက်တွန်းသည့် အသိပေးစာတစ်စောင်ကို ရက္ခိုင့်တပ်တော်(AA)က  ရခိုင်ဘာသာ စကားဖြင့် ယနေ့ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် “ရခိုင်ပြည်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့်နေ့မှစ၍ စစ်အဟုန်လည်း တစ်ရက်ထက် တစ်ရက် မြင့်တက်လာခဲ့ကာ အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ တပ်များဖြင့် အပြင်းအထန် ခုခံနေသော်လည်း ရန်သူသည် နှစ်‌ပေါင်းများစွာ အခိုင်အမာ အခြေကုပ်တည်ဆောက်ထားသည့် တပ်စခန်းကြီးများကို လက်လွှတ်ဆုံးရှုံးရမှုများနှင့် မြို့ရွာများကို တစ်ခုပြီး တစ်ခု ဆုံးရှုံးနေရသည်” ဟု ဖော်ပြသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် “တစ်ချိန်တည်းတွင် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ တပ်ဖွဲဝင်များ လက်နက်ချ အလင်းဝင်ရောက်မှုမှာလည်း တစ်ရက်ထက် တစ်ရက် ပို၍များပြားလာပြီး စစ်ကောင်စီ၏ တပ်အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုများလည်း တဖြည်းဖြည်းပျက်စီး ယုတ်လျော့လာလျက်ရှိသည်” ဟုလည်း ဆိုသည်။

ထို့သို့ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးအပါအဝင် အဘက်ဘက်တွင် ရှုံးနိမ့်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်သည် မြေပြင်ရင်ဆိုင်တိုက်ပွဲများ၌ အရေးနိမ့်တိုင်း အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ မြိုရွာများကို ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သမိုင်းဝင်အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို တစ်ရက်ထက် တစ်ရက် လက်ရဲဇက်ရဲ ပေါ်ပေါ်တင်တင် လုပ်လာလျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် စစ်ကောင်၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးရန်များကို မိမိကိုယ်ကို ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာ နေထိုင်ကြဖို့လည်း ရက္ခိုင့်တပ်တော်မှ အသိပေးထားသည်။

“ အာရက္ခပြည်သူများအနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် ဖက်ဆစ်ဝါဒီ စစ်ကောင်စီတပ်၏ လေကြောင်းရန်၊ ‌ရေကြောင်းရန်နှင့် လက်နက်ကြီးရန်များမှ မိမိကိုယ်ကို ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာနေထိုင်ကြရန် အသိပေးတိုက်တွန်းအပ်ပါသည်” ဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဆောက်အအုံ တစ်ခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာ နေထိုင်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ဖြန့်ကျက်နေကြရန်လည်း တိုက်တွန်းထားသည်။


ဆက်စပ် သတင်းများ