သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မာန်အောင်ကမ်းခြေတွင် မပေါက်ကွဲသေးဘဲ သောင်တင်တွေ့ရှိရသည့် တော်ပီဒိုကို မျှော်တော်ဦးရေတပ်စခန်းမှ ယူဆောင်သွားပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ မိမ္မကြွယ်ကမ်းခြေတွင် ယနေ့နံနက်ပိုင်းက မပေါက်ကွဲသေးဘဲ သဲပြင်တွင်သောင်တင်နေသော တော်ပီဒိုကို ယနေ့နေ့လယ်ပိုင်းက မာန်အောင်မြို့၊ မျှော်တော်ဦး ရေတပ်စခန်းမှ ယူဆောင်သွားပြီဟု ဒေသခံများကပြောသည်။

 

အဆိုပါတော်ပီဒိုကို ယနေ့နေ့လည် ၂ နာရီခန့်က မျှော်တော်ဦးရေတပ်စခန်းမှ ကားနှင့်တင်ဆောင်ကာ ယူဆောင်သွားပြီဖြစ်ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် မိမ္မကြွယ်ကျေးရွာဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။

 

" ဘယ်ကဟာလဲလို့လည်းတော့ မပြောခဲ့ဘူး။ အခုတော့ကားနဲ့တင်လို့ ယူသွားပြီ မျှော်တော်ဦး ရေတပ်စခန်းက။ သူတို့က အန္တရာယ်မရှိဘူးလို့တော့ ပြောခဲ့တယ်" ဟုပြောသည်။

 

အဆိုပါတော်ပီတိုပေါ်တွင် LWT-XP D&P TORPEDO ဆိုသည့်စာလုံးများအား ရေးသားထားပြီး အရှည်ပေ ၉ ပေနှင့် လုံးပတ် ၃ ပေခန့်ရှိကြောင်း ဒေသခံများကပြောသည်။

အဆိုပါတော်ပီဒိုအား ယနေ့နံက် ၉ နာရီခန့်က မိမ္မကြွယ်ကမ်းခြေပေါ်တွင် သောင်တင်လျက် ရွာသားများတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယခုကိစ္စနှင့်ပတ်သက်၍ မာန်အောင်မြို့နယ်၊ ဆားချက်နယ်မြေခံရဲစခန်းက တာဝန်ရှိသူတစ်ဦးက "အဲဒါကြီးကတော့ ပစ်လိုက်တဲ့ဟာဆိုရင် ကွဲသွားမှာပေါ့နော်။ ဒါပေမယ့်ဒီဟာက ကိုယ်တွေလည်း အကြောင်းအရင်းကို သေချာမသိဘူး။ တပ်ကိုပဲ ကိုယ်တွေကတွေ့အတိုင်းကို သူတို့အချင်းချင်းပဲ လွှဲပြောင်းအပ်တယ်။ ကိုယ်တွေကလိုက်ပြီးတော့ လုံခြုံရေးယူပေးတာပဲ ရှိပါတယ်" ဟုပြောသည်။

 

အခုတွေ့ရှိခဲ့ရသည့် တော်ပီဒိုသည် မြန်မာစစ်တပ်မှ စစ်ရေးလေ့ကျင့်ရာတွင် အသုံးပြုခဲ့သည့် လေ့ကျင့်ရေး လက်နက် ဖြစ်နိုင်ကြောင်းလည်း ဒေသခံများကဝေဖန်သုံးသပ်နေကြသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်သည် ရခိုင်ကမ်းရိုးတန်း ပင်လယ်ပြင်တွင် ရေငုပ်သင်္ဘော နှစ်စီးအပါအဝင် စစ်လေယာဉ်၊ စစ်ရေယာဉ်များဖြင့် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇူလိုင်လ ၅ ရက်နေ့က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

Photos - ဝိဘဇ္ဇ

(NN-8)

ဆက်စပ် သတင်းများ