တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

နယ်မှ စစ်ဘေးရှောင်များ စစ်တွေမြို့ပေါ်ထိ ထွက်ပြေးခိုလှုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၂/၂ဝ၁၉

ရခိုင်ပြည်နယ် နယ်ဒေသများမှ စစ်ဘေးရှောင်များသည် စားဝတ်နေရေးနှင့် ဒေသမတည်ငြိမ်မှုကြောင့် ယခုအခါ စစ်တွေမြို့ပေါ်ထိ ထွက်ပြေးခိုလှုံနေကြသည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၂၁ ရက်နေ့က ရသေ့တောင် မြို့နယ် ရေစိုးချောင်းကျေးရွာမှ စစ်ဘေးရှောင် ဒုက္ခသည် များသည် စစ်တွေမြို့၊ ပြည်တော်သာ ရပ်ကွက်ရှိ ဗုဒ္ဓေါမော် ကျောင်းသို့ ထပ်မံ ရောက်ရှိ လာကြသည်။

“ရွာမှာ ရွာသားတွေ မရှိတော့ဘူး အကုန်ထွက်ပြေးသွားကြပါပြီ။ စစ်တပ်က ရွာက တောင်ပေါ်မှာ စခန်းချနေတာပါ။ ရွာထဲက ထွက်ရင်သေနတ်နဲ့ ပစ်တယ်။ ယာထဲ လယ်ထဲလည်း သွားလို့ မရတော့ဘူး ။ကျွန်တော်တို့ ဘယ်လိုမှ နေလို့မရတော့လို့ ရွာကိုစွန့်ခွာ လာကြတာပါ။ ကျွန်တော်တို့ လာတဲ့အချိန် ရွာမှာ သက်ကြီးရွယ်အိုတွေဘဲ ကျန်ခဲ့ပါတယ် ”ဟု ရေစိုးချောင်း ကျေးရွာမှ စစ်ဘေးရှောင်ရန် လာရောက်နေသူ ဦးမောင်ကြီးက နိရဥ္စရာ သတင်းဌာနအား ပြောသည်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာအနီးတွင်  ဗျူဟာတစ်ခု ချထားကြောင်း၊ ၎င်းဗျူဟာမှ  နေ့တိုင်း (အထူးသဖြင့် ညဉ့်အချိ်န်) ခြောက်လှန့်ပစ်ခတ်မှုများရှိနေကြောင်း၊ စားဝတ်နေရေးနှင့် ဒေသမတည်ငြိမ်မှုတို့ကြောင့် ရွာကို စွန့်ခွာပြီး စစ်တွေသို့ လာရခြင်း ဖြစ်ကြောင်း ၎င်း ပြောသည်။

ရေစိုးချောင်းကျေးရွာတွင် အိမ်ခြေ ၅ဝဝကျော်ရှိ ပြီး လက်ရှိတွင် ရွာသားအနည်းငယ်သာ ကျန်နေခဲ့ရာမှ နေထိုင်၍မရတော့သဖြင့် မိသားစု ၈ စုမှာ ရသေ့တောင်မြို့သို့ ထွက်ပြေး လာခဲ့ကြသည်။ ရသေ့တောင်မှ တစ်ဆင့် စစ်တွေမြို့သို့ ခိုလှုံရန် ထပ်မံ လာရောက်ကြခြင်း ဖြစ်ကြောင်း ဦးမောင်ကြီးက ဆက်လက် ပြောဆိုသည်။

ဗုဒ္ဓေါမော် ကျောင်းမှ ကျောင်းထိုင်ဆရာတော်က “စစ်ဘေးရှောင်တွေ ထပ်ရောက်နိုင်ခြေ ရှိတယ်။ ဆရာတော်တို့က လက်ခံသွားဖို့ရှိပါတယ်။ လောလောဆယ် ဒုက္ခသည်တွေကို လာလှူ ကြတာ တော့မရှိသေးပါဘူး။ ရပ်ကွက် ထဲက အိမ်တွေက ထမင်းထုတ် တွေလာပို့ကြပါတယ်”ဟု မိန့်ကြားသည်။

ရေစိုးချောင်းကျေးရွာမှ စစ်ဘေးရှောင်ရန် ရောက်ရှိလာသူများမှာ လူဦးရေ အမျိုးသား ၁၅ဦးနှင့် အမျိုးသမီး ၁၉ ဦး၊ စုစုပေါ်း ၃၄ ဦးဖြစ်ုပြီး ယင်းထဲတွင်ကျောင်းသား၊ကျောင်းသူ ၉ဦး ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အစိုးရတပ်မတော်နှင့် ရခိုင့်တပ်တော် (AA) တို့ကြား (၉)လ ကျော်တိုင်အောင် တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်းတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ခြောက်သောင်းကျော် ခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ