- Web Master
- ၂၉ သြဂုတ် ၂၀၂၄
နီမင်းထွန်း
နိရဥ္စရာ ၊ ဒီဇင်ဘာ ၂ /၂ဝ၁၉
ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်ဒုက္ခသည်များကို အားတင်းထားရန် အဆိုတော် ဖော်ကာက အားပေးစကား ပြောဆိုခဲ့သည်။
စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေ့လယ် ၂ နာရီခန့်မှ ညနေ ၇ နာရီခန့်အထိ WANTED Private Show အပြီးတွင် ပြောခဲ့ခြင်းဖြစ်သည်။
အဆိုတော် ဖော်ကာ က “ပါးစပ်ကပြောနေတာထက် ကျနော်လုပ်နိုင်သလောက် လုပ်ပေးနိုင်တဲ့အတွက် ပီတိ ဖြစ်ရပါတယ်။ ဒါကတော့ ဘယ်သူမဆိုပဲလေ။ ကိုယ့်လူမျိုးတွေ၊ ကိုယ့်အမျိုးတွေ ဒုက္ခရောက်နေတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ အဲဒီအတွက်လည်း အားတင်းထားကြပါလို့ပြောချင်ပါတယ်။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၉ သောင်းကျော် အထိမြင့်တက်လာနေပြီး ၄င်းတို့၏ စားဝတ်နေရေးများ အလွန်တရာအခက်အခဲဖြစ်နေကြသည်ဟု ရခိုင်အရပ်ဘက် အဖွဲ့အစည်းများမှ သိရသည်။
ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များအတွက် တစ်ထောင့်တစ်နေရာကပါဝင်ကူညီနိုင်ရန်အတွက် အဆိုတော်ဖော်ကာက စစ်တွေတွင် သူ၏ Private Show ကို လာရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုတော် ဖော်ကာက “ကျနော် ငယ်ငယ်ကတည်းက လုပ်ချင်တဲ့အတွက်၊ ပြီးတော့ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုပ်ချင် နေတာကြာပြီဗျ။ ဒါကြောင့် မဖြစ်ဖြစ်အောင်ကို လုပ်တာပါ။ အရမ်းကိုပျော်ပါတယ်။ ဒီပွဲကရတဲ့ ပိုက်ဆံတွေကိုလှူမှာပါ။ ဟိုနေ့ကလည်း လှူထားပါတယ်။ မနေ့ကလည်း လက်မှတ်ရောင်းရတဲ့အတွက် ထပ်ပြီးလှူမယ်လို့ ပြောလိုက်တာပါ။ ဒါကလည်း လှူချင်လို့ လှူတာပါ ”ဟု နိရဥ္စရာသတင်းဌာကိုပြောသည်။
၄င်း Show တွင် အဆိုတော် ဖော်ကာနှင့်အတူ အဆိုတော် ညီမင်းခိုင်၊ အဆိုတော် L ကိုလင်း အပါအဝင် WANTED Band အဖွဲ့သားတို့က သီဆိုဖျော်ဖြေခဲ့ကြပြီး ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ပရိသတ်ဦးရေ ၅ဝဝ ကျော်ခန့် လာရောက်အားပေးခဲ့သည်။
------------------------------
Unicode:
နိရဉ်စရာ ၊ ဒီဇငျဘာ ၂ /၂ဝ၁၉