တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် စစ်တပ်ရဟတ်ယာဉ်တစ်စီးပစ်ခတ်ခံရဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နိရဉ္စရာ၊ မေ ၁၆/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာ၌ရှိသည့် စစ်ကောင်စီ စစ်တပ်စခန်းသို့ ရိက္ခာလာချသည့် စစ်ရဟတ်ယာဉ်တစ်စီးမှာမေလ ၁၅ ရက်နေ့ လယ် ၁နာရီအချိန်ခန့်တွင် ပစ်ခတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။
အဆိုပါရိက္ခာတင်လာသည့် ရဟတ်ယာဉ်မှာ စခန်းသို့ဆင်းသက်နေစဉ် လက်နက်ငယ်ဖြင့် ၄ချက် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ထိခိုက်မှု ရှိ၊မရှိကိုမှု မသိရှိကြောင်း အမည်မဖော်လိုသည့် ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
"ဘယ်အဖွဲ့က ပစ်လိုက်လည်းတော့ မသိဘူး။ လက်နက်ကြီးနဲ့ပစ်တာ မဟုတ်ဘူး။ လက်နက် ငယ်နဲ့ပစ်တာ။အဲဒီဖက်မှာကတော့ CDF တွေလည်းရှိတယ်။ AAတွေလည်း ရှိတယ်"ဟု ပြောသည်။
သံထောင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ခန့်ရှိပြီး မြောက်ဦးမြို့နယ်အထက်ပိုင်းတွင် တည်ရှိသည်။
Zalen သတင်းဌာနကမူ အဆိုပါရဟတ်ယာဉ်ကို ကျေးရွာ၏တစ်ဖက်ကမ်းမှ ရက္ခိုင့်တပ်တော် (AA)အဖွဲ့က ပစ်ခတ်သည်ဟု ရေးသားသည်။
ယင်းအပြင် ယမန်နေ့ မေ ၁၅ ရက် ညနေပိုင်းအချိန်ခန့်တွင်လည်း မဟာမြတ်မုနိဘုရားနှင့် ၄မိုင်ခန့်ဝေးသည့် အုတ်ပုံတောင်အနီး၌လည်း လက်နက်ငယ်ပစ် ခတ်သံ ၁၀ချက်ကြားလိုက်ရသည်ဟု မြတ်မုနိ ဘုရားအနီးတွင်နေထိုင်သူတစ်ဦးကပြောသည်။
"မနေ့က ညနေပိုင်းလောက်က ဘုရားအကျော်တောင်တန်းနားမှာ AA တပ်စခန်းနားကကပ်ပျံလို့ ရိက္ခာပို့တဲ့ စစ်တပ်လေယာဉ်တစ်စီးကို လက်နက်ငယ်နဲ့ပစ်တယ်လို့ သိရတယ်။ အသံတော့ ဒီဘုရားအနီးဝန်းကျင်က လူတွေတော့ကြားရတယ်။ ဆက်တိုက် ၁၀ ချက်လောက်ရှိမယ်"ဟု ပြောသည်။
အဆိုပါသတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ရန် ရက္ခိုင့်တပ်တော် (AA)ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာပြန်ကြားမှု မရရှိသေးပါ။
ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ရက္ခိုင့်တပ်တော်(AA)ကလည်း မြန်မာစစ်တပ်နှင့် ၎င်းတို့မှာ စစ်ရေးတင်မာမှုမြင့်တက်လာနေသဖြင့် ပြည်သူများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြပါရန် သတိပေးအပ်ပါသည်ဟုလည်း မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်ထား သည်။ (NN-11)
( ယခုဓာတ်ပုံမှာ ပုံဟောင်းသာဖြစ်ပြီး ယခင်ရခိုင်တိုက်ပွဲတုန်းက ၎င်းစစ်ရဟတ်ယာဉ် ကျည်ထိမှန်ခဲ့သည်။ RFA)

ဆက်စပ် သတင်းများ