တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ညောင်ချောင်းစခန်းမှ သေနတ်ပစ်ခတ်မှုပြုလုပ်၍ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ မေ ၂၀/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်ခြားစောင့်စခန်းမှ ယမန်နေ့က သေနတ်ပစ်ခတ်မှုများ ပြုလုပ်၍ ဒေသခံများအကြား အထိတ်တလန့် ဖြစ်ခဲ့ရသည်ဟု သိရသည်။

 

ယင်းသေနတ်ပစ်ခတ်မှုကို ယမန်နေ့နေ့လယ် နာရီခွဲခန့်က စတင်ပြုလုပ်ခဲ့ပြီး တစ်ချက်ချင်း အချက်ပေါင်း ၃၀ ခန့် ပစ်ခတ်ခဲ့သည်ဟု ယင်းအနီးအနားရှိ မျက်မြင် မူဆလင်တစ်ဦးကပြောသည်။

 

" သေနတ်ပစ်သံကြားတာတောင် မဟုတ်ဘူး၊ မြင်ပါမြင်ခဲ့ရတယ်။ အလံတိုင် အနီတွေကို စခန်းထဲမှာ စိုက်ထူရင်းနဲ့ ပစ်ကြတာ။ စုစုပေါင်း အချက် ၃၀ လောက်ပစ်ခဲ့တယ်။ သေနတ်သံတွေ အရင်က မကြားခဲ့ရတာ ကြာပြီဆိုတော့ ဒီနေ့ကြားလိုက်ရတဲ့အခါမှာ လူတွေက အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်" ဟုပြောသည်။

 

၎င်းသေနတ်ပစ်ခတ်မှုကို ယမန် နေ့နေ့လယ်ပိုင်း နာရီခွဲခန့်ကနေ  ညနေ နာရီခွဲခန့်ထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

 

ညောင်ချောင်းကျေးရွာ ရခိုင်ရွာသားတစ်ဦးက "မနေ့က အချက် တစ်ဆယ်၊နှစ်ဆယ်ကျော်လောက် သေနတ် ပစ်သံကြားလိုက်ရတယ်။ နေ့လယ်ပိုင်းပေါ့။ တစ်ချက်ချင်းစီ ပစ်တာ ကြားရတယ်။ သေနတ်ပစ်ပြီးနောက် အခုအခြေအနေတွေကတော့ အေးဆေးပါဘဲ။ သူတို့စခန်းထဲကနေ စမ်းပြီးလှမ်းပစ်တဲ့ သဘောမျိုးလို့ထင်တယ်" ဟုပြောသည်။

 

သေနတ်ပစ်ခတ်ခြင်းနှင့် ပတ်သက်ပြီး ပစ်ခတ်သည့်အကြောင်းအရင်းကို သာမန် အရပ်သားများ အနေဖြင့် သိရှိရန် မလွယ်ကူကြောင်း၊ သို့သော်လည်း စမ်းသပ်ပစ်ခတ်မည်ကို တချို့ကျေးရွာ လူကြီးများကို အကြောင်း ကြားထားမှု ရှိသည်ဟု သိရှိကြောင်း ၎င်းက ပြောဆိုသည်။

 

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား စစ်ရေးတင်းမာနေချိန်တွင် သေနတ် ပစ်ခတ်မှုများကို စစ်တပ်ဘက်က ခပ်စိတ်စိတ်ပြုလာနေကြောင်း သိရသည်။


မေလ ၁၈ ရက်က ညည့်အချိန်ကလည်း မြောက်ဦးမြို့တွင်၊ မြောက်ဦးအခြေစိုက် ၃၇၇/၃၈၈ တပ်ရင်းနှင့် ၅၄၀ တပ်ရင်းတို့မှ သေနတ်ပစ်သံများ အဆက်မပြတ်ထွက်ပေါ်ခဲ့သော်လည်း  မည်သည့်အကြောင်းရင်းကြောင့် သေနတ်ပစ်သည်ကို တရားဝင် ပြည်သူလူထုသို့ အသိပေးခြင်း မရှိကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ