တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ်အဘောင်သားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူးနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

နိရဉ္စရာ၊ မေ ၂၇/၂၀၂၂
ယမန်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့သည့် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို ယမန်နေ့က စစ်တပ်က ခေါ်ဆောင်သွားကြောင်း သိရသည်။
ခေါ်ဆောင်ခံရသည့် အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှာ ဦးသာထွန်းအောင်ဖြစ်ကာ ဆယ်အိမ်မှူးနှစ်ဦးမှာ ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့ဖြစ်ကြသည်။
၎င်းတို့သုံးဦးကို ယမန်နေ့ မေလ ၂၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင် တိုက်ပွဲပြီးသည့်အချိန်တွင် မြန်မာစစ်တပ်မှ ဒဏ်ရာရထားသည့် စစ်သားများကို သယ်ယူပို့ဆောင်ရန် ပလက်ဝသို့သွားစဉ် တခါတည်းခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင်ဒေသခံများကပြောသည်။
"မနေ့ကစစ်ပွဲပြီးတော့ စစ်သားတွေ ဒဏ်ရာရထားတာကို သယ်သွားတဲ့အခါမှ တခါတည်း ခေါ်သွားတာ။ ဘာကြောင့်ခေါ်သွားလဲမသိဘူး။ တပ်က ခေါ်သွားတယ်လို့သိရတာ။ သူတို့ဘက်က အကြောင်း ကြားလာတာတွေ မရှိသေးဘူး။ သူတို့ခေါ်သွားတာ ပလက်ဝကိုရောက်တဲ့အခါ ပလက်ဝက အုပ်ချုပ်ရေးမှူးတွေကို သိတဲ့လူတွေကတော့ ၂၈၉ ဘက်ကို ခေါ်သွားတယ်လို့တော့ပြောတယ်" ဟုပြောသည်။
လက်ရှိတွင် ယနေ့မနက် ၁၂ နာရီအချိန်ထိ ၎င်းတို့အားမည်သည့်တပ်စခန်းတွင် ဖမ်းဆီးထားကြောင်းကိုလည်း မသိရှိရသေးဘဲ မိသားစုနှင့်လည်း အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက " သူတို့ကို မနေ့ကမနက်ကနေ ခေါ်သွားတာ။ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူး။ မိသားစုတွေကလည်း စိတ်ပူနေကြတယ်။ ဘယ်ကိုခေါ်သွားမှန်းလည်းမသိဘူး"ဟုပြောသည်။
ယမန်နေ့ မေလ ၂၆ ရက်နေ့တွင် ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် နံနက် ၁ဝနာရီအချိန်ခန့်က ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် ထွက်ပြေးတိမ်းရှောင်မှုများ မရှိသေးကြောင်းနှင့် လက်ရှိတွင် အဘောင်သား ကျေးရွာအနီးတဝိုက်၌ အခြေအနေများ တည်ငြိမ်နေကြောင်း ဒေသခံများကပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို နိရဉ္စရာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။ (NN-8)

ဆက်စပ် သတင်းများ