တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာနေပြီး ယခင် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ပိုမိုတင်းကျပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရဉ္စရာ၊ မေ၂၇/ ၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာနေပြီး ယခင်ကထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပိုမိုတင်းကျပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။
ယခင်က ညမထွက်ရအမိန့်ကို ည ၆ နာရီမှ နံနက် ၅ နာရီထိ ထုတ်ပြန် ထားသော်လည်း ပလက်၀မြို့ပေါ်ရှိ ဒေသခံများ အနေဖြင့် နားလည်မှုနှင့် ည ၈ နာရီ ၉ နာရီထိ သွားလာခွင့် ရခဲ့သော်လည်း ယမန်နေ့က စပြီး သွားလာခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်သည်ဟု ဆိုသည်။
ပလက်ဝမြို့ပေါ်ရှိ နတလဌာနတွင်ရှိသည့်ဂိတ်နှင့် သင်္ဘောဆိပ်တွင်ရှိသည့် ဂိတ်တို့ကို ဖြတ်သန်း၍ တစ်ရွာနှင့်တစ်ရွာသွားလာရန် ခွင့်ပြုခဲ့သော်လည်း ယမန်နေ့ စပြီး ခွင့်မပြုတော့ကြောင်း ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။
"လောလောဆယ်တော့ ဒီလိုမျိုးအခြေအနေရှိပါတယ်။ မြို့သူမြို့သား တွေကလည်း အပြင်ကို သိပ်မထွက်ရဲကြပါဘူး။ ည ၆ နာရီမထွက်ရ အမိန့်ကတော့ ထုတ်ထားတာ ကြာပါပြီ။ ဒါပေမယ့် မြို့သူမြို့သားတွေက နားလည်မှုနဲ့ ည ရှစ်နာရီကျော်ကျော်လောက်၊ ကိုးနာရီ ကျော်လောက်အထိ မီးမဖြတ်သေးခင်အချိန်ထိ လောက်တော့ ခွင့်ပြုပေးထားခဲ့တယ်။ မနေ့ကတော့ ဒီလို သွားလာခွင့်ကို ပိတ်ထားလိုက်တယ်" ဟုပြောသည်။
နောက်ထပ် ဒေသခံတစ်ဦးက "အရင်တုန်းကတော့ သိပ်ပြီး တင်းတင်း ကျပ်ကျပ်မရှိခဲ့ဘူး။ ဒီကလူတွေမှာလည်း စိုးရိမ် ကြောက်လန့်မှုတွေလည်း ရှိနေကြတယ်။ မနက်ဖြန်မှာ ရှာဖွေ စားသောက်ဖို့လည်း သွားဖို့ လာဖို့ မရရင်တော့ ကျနော်တို့ကတော့ အခက်ကြုံတော့မှာဘဲ။ ဒီနေ့ ညနေဆိုရင်တော့ အသွားအလာ လုံးဝ မလုပ်ရတော့ဘူးလို့ ကြားနေရတယ်" ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့်နှစ်များက ရက္ခိုင့်တပ်တော်နှင့် မြန်မာ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားခဲ့ရာ ယမန်နေ့တွင် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီး နာရီဝက်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင့် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို တင်းကျပ်စွာလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
မေလ ၂၆ ရက်နေ့တွင် ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် နံနက် ၁ဝ နာရီအချိန်ခန့်က ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား ၁ နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှုမရှိတော့ပြီဖြစ်သော်လည်း စစ်ရေး အခြေအနေမှာ တင်းမာနေသည်ဟု သိရသည်။
မြန်မာစစ်တပ် ခမရ ၂၈၉ တပ်ရင်းအပါအဝင် မီးလက်ဝတောင်တန်း၊ ရုပ်ဝတောင်တန်းတို့၌ စခန်း ချထားသည့် စစ်ကောင်စီတပ်စခန်းများက ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်ထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် ဒေသခံများအကြားတွင်လည်း စိုးရိမ်မှုများ ရှိနေကြသည်ဟု ပလက်ဝဒေသခံများကပြောသည်။ (NN-8)

ဆက်စပ် သတင်းများ