တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် အဘောင်သားအုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူးနှစ်ဦးတို့ သုံးရက်ကြာအထိ မိသားစုနှင့်အဆက်မသွယ်မရဖြစ်နေ၍ စိုးရိမ်မှုမြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဥ္စရာ၊ မေ ၂၈/၂၀၂၂
ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ခေါ်ဆောင် သွားသည့် ပလက်ဝမြို့နယ်၊အဘောင်သားကျေးရွာမှ ရခိုင်လူမျိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးနှစ်ဦးနှင့် သုံးရက်ကြလာသည့်တိုင် အဆက်အသွယ်မရဖြစ်နေ၍ မိသားစုများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။
၎င်းတို့မှာ အဘောင်သားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် ဆယ်အိမ်မှူး နှစ်ဦးဖြစ်ကြသည့် ဦးသာနီအောင်နှင့် ဦးအောင်ထွန်းတို့ ဖြစ်ကြသည်။
လက်ရှိတွင် ၎င်းတို့သုံးဦးစလုံးတွင်ပါသွားသည့် ဖုန်းများမှာလည်း စက်ပိတ်ထားပြီး အဆက်အသွယ် လုပ်၍လုံးဝမရ၍ အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
"သူတို့ သတင်းကဘာတစ်ခုမှလည်းမကြားရဘူး။ အဆက်အသွယ် ပြတ်နေတယ်။ ပလက်ဝမြို့ အထိလောက် စုံစမ်းကြည့်တာတော့ တပ်ရင်း ၂၈၉ ကိုခေါ်သွားတယ်လို့ဘဲ သိရတယ်။ အားလုံးက စိတ်ပူနေကြတယ် အဆက်အသွယ် မရလို့" ဟုပြောသည်။
၎င်းတို့သုံးဦးကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင် တိုက်ပွဲပြီးသည့်အချိန်တွင် မြန်မာစစ်တပ်မှ ဒဏ်ရာရထားသည့် စစ်သားများကို သယ်ယူပို့ဆောင်ရန် ပလက်ဝသို့သွားစဉ် တခါတည်းခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့သုံးဦးအား ပလက်ဝအခြေစိုက် တပ်ရင်း ၂၈၉ မှာ ထိန်းသိမ်းထားသည်ဟုလည်း ဒေသခံများက ထင်ကြေးပေးမှုများ ရှိနေသော်လည်း မည်သူမျှ သွားရောက် မစုံစမ်းဝံ့ဖြစ်နေကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝနာရီအချိန်ခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို နိရဥ္စရာမှ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။ (NN-8)
ဓာတ်ပုံ- မိုးတောက်ကြယ်(ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်း ပုံဟောင်း)

ဆက်စပ် သတင်းများ