တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် ရေငုတ်သင်္ဘောကို ပေါ်ပေါ်ထင်ပြသလာခြင်းမှာ စစ်ရေးအရ ဖိအားပေးရန် ရည်ရွယ်ပုံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3k


နိရဉ္စရာ၊ ဇြန္ ၁/၂၀၂၂
ရခိုင်ပြည်နယ်တွင် စစ်ရေးတင်းမာနေသည့်အချိန်တွင် ကျောက်ဖြူမြို့ နယ်ရှိ သံဇစ်မြစ်အတွင်း ရေငုတ်သင်္ဘောကို လူထုအကြား ပေါ်ပေါ်ထင် မြင်သာအောင် ပြသလာခြင်းမှာ စစ်ကောင်စီအနေဖြင့် စစ်ရေးအရ ဖိအားပေးရန် ရည်ရွယ်ပုံရသည်ဟု ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
“သူတို့က ရေငုတ်သင်္ဘောရပ်ဖို့နေရာတွေ အရင်ကတည်းက ကြိုတင်လို့ လုပ်နေတာတွေတော့ ရှိတယ်လို့ ကြားမိ တယ်။ဒီအချိန်မှာတော့ သူတို့ အနေနဲ့တစ်စီးတည်းသော ရေငုတ်သင်္ဘောကတော့ တစ်ဖက်မှာ ရေနက်ဆိပ်ကမ်း လည်းဖြစ်တဲ့အခါ ရခိုင်ပြည်မှာလည်း စစ်အင်အားကို ရေတပ်ကအစ၊ ကြည်းတပ်ကအစ၊ အင်အားမြင့်တင်တဲ့ ကာလမျိုးလည်း ဖြစ်တဲ့အခါ ဒီဟာကသူတို့အနေနဲ့ ရခိုင်ပြည်ရဲ့တိုက်ပွဲ ဖြစ်လာနိုင်ဖို့ အခြေအနေမှာ ဖိအားပေးတဲ့ အနေနဲ့လည်း ခုလို ပေါ်ပေါ်ထင်ထင် ပြတာမျိုး ဖြစ်နိုင်တာပေါ့။ ပြီးတော့အင်အားပြတဲ့ပုံစံမျိုးလည်းဖြစ်တယ်”ဟု ဆိုသည်။
ယမန်နေ့ မေလ ၃၁ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်အတွင်း ရေငုတ်သင်္ဘောတစ်စီး ရောက်ရှိနေသည်ကို တွေ့မြင် နေရသည်ဟု ဒေသခံများကပြောသည်။
အဆိုပါသံဇစ်မြစ်ထဲတွင် ဓညဝတီရေတပ်ဌာချုပ်၊ မဒေးကျွန်းတရုပ်ရေနံတင် သင်္ဘောဆိပ်၊နှင့် သံဇစ်မြစ်၏ ဘယ်ဖက်အခြမ်း တွင် လျှို့ဝှက် ရေငုတ်တပ် စခန်းတစ်ခုရှိပြီး ၎င်းရေငုတ်တပ်စခန်းကို တည် ဆောက်ခဲ့သည်မှာ ၁၀နှစ်ခန့်ကြာခဲ့ပြီဖြစ်သလို လက်ရှိအချိန်တွင်လည်း ယင်းတပ်စခန်းကို တိုးချဲ့တည်ဆောက်နေသည်ဟု သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၌ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်လာခဲ့လျှင် စစ်ကောင်စီအနေဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အဆိုပါ ရေငုတ်သင်္ဘောကိုအသုံးပြုနိုင်ကြောင်း ဦးဖေသန်းက ထပ်လောင်းပြောဆိုသည်။
“ရေငုတ်သင်္ဘောဆိုတဲ့အခါ လုံခြုံတယ်ပေါ့။ ပစ္စည်းတွေပြောင်းဖို့၊ရွေ့ဖို့ လိုအပ်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ ရေတပ်ကိုအဓိကထားပြီး သုံးနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကုန်းလမ်းက သူတို့အတွက် စိတ်မချရလေ။ တောင်ကုတ်ကျော်လမ်း၊ အမ်းကျော်လမ်းတွေက တိုက်ပွဲဖြစ်လာရင် အဖြတ်အတောက်ခံနိုင်တယ်။ လေကြောင်း ဆိုတာကလည်း အင်အား အများကြီး တင်ဆောင်လို့ ရတာမဟုတ်။ သူတို့ကတော့ အခုအနေနဲ့ အဝေးကတော့ ပစ်ဖို့ မဟုတ်ဘူး။ရေတပ်အနေနဲ့ ခြိမ်းခြောက်ဖို့ဆိုရင် သူတို့ကမှာက အဝေးပစ်လက်နက်တွေ ပါတယ်ပေါ့နော်။ အဓိက စစ်ရေးလက်နက်တွေ အရွေ့အပြောင်းတွေမှာ သုံးနိုင်တယ်လို့မြင်ပါတယ်”ဟု ဆိုသည်။
ကျောက်ဖြူမြို့ခံအမျိုးသမီးတစ်ဦးက “ဘင်္ဂလားပင်လယ်အော်ထဲက ဆီသင်္ဘောတွေလားနေတဲ့ လမ်းကြောင်းထဲကဝင်လာရင် ကျောက်ဖြူမြို့ကို ရောက်ရင် အထက်ဖက်ကို ဆက်လို့မောင်းတက်ရင် သံဇစ်မြစ်ကိုရောက်တယ်။ သံဇစ်မြစ်ရဲ့ ညာဖက်အခြမ်းမှာက ကျောက်ဖြူမြို့ ။ ကျောက်ဖြူမြို့က နောက်ထပ် ၆မိုင်ခန့်မောင်းရင် ဓညဝတီရေတပ်စခန်းဌာနချုပ်ရှိတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၁၀စုနှစ် တစ်ခုကပင် ဗမာစစ်တပ်က ကြီးကြီးကျယ်ကျယ် လုပ်နေတဲ့ ရေငုတ်တပ်ရှိတယ်။ ရေငုတ်သင်္ဘော ဝင်လာတာက အဲဒီတပ် စခန်းကိစ္စလို့ထင်တယ် ”ဟုဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို အကြိမ်ကြိမ်ဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုမှုလုံးဝမရှိခဲ့ပါ။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များအနေဖြင့် စစ်အင်အားတိုးချဲ့နေမှုများ ပြုလုပ်လျှက်ရှိနေသည့် အတွက် တိုက်ပွဲမှာ အချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ဒေသခံ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းချထားသော ပတ်ဝန်းကျင်အနီးသို့ သွားလာခြင်းကို အထူးသတိထား ရှောင်ကြဥ်ကြရန် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားသည်။ (NN-11)
(ဓာတ်ပုံ- မူရင်းဓာတ်ပုံရိုက်ကူးသူ)

ဆက်စပ် သတင်းများ