တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့ဒေသခံရခိုင်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.8k

နိရဉ္စရာ၊ ဇွန် ၅/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ဒေသခံ ရခိုင်အမျိုးသားတစ်ဦးကို ယမန်နေ့ညက စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများကပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူမှာ ပလက်ဝမြို့မရပ်ကွက်နေ အသက် ၅၀ အရွယ် ဦးမဲကျော့ဖြစ်ပြီး ၎င်းသည် ပလက်ဝမြို့မရပ်ကွက်တွင် ဈေးဆိုင်ရောင်းသူတစ်ဦးဖြစ်သည်။
၎င်းအား ယမန်နေ့ ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် စစ်သားများက ပလက်ဝ အခြေစိုက်တပ်ရင်း ခလရ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက နိရဉ္စရာသို့ပြောသည်။
"ဘာအကြောင်းနဲ့ဖမ်းသွားလဲဆိုတာ မသိရသေးဘူး။ သူရဲ့အိမ် ပလုတ်တောင် ရပ်ကွက်ကနေ ဗမာစစ်သားတွေ ဖမ်းသွားတာပါ။ ခလရ ၂၈၉ ကို ခေါ်သွားတယ်။ မိသားစုတွေကလည်း စိတ်ပူနေကြတယ်" ဟုပြောသည်။
ဦးမဲကျော့သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နံနက်က ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အဘောင်သားကျေးရွာ အနီးတွင်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ပလက်ဝဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝနာရီအချိန်ခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းတွင် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် ကျေးရွာအနီးလုံခြုံရေးတင်းကျပ်စွာလုပ်ဆောင်ထားကြောင်း ကျေးရွာသားများကပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့တွင် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ဆယ်အိမ်မှူးနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး ဆယ်အိမ်မှူး နှစ်ဦးကိုမူ ဖမ်းဆီးပြီး နှစ်ရက် အကြာတွင်ပြန်လွှတ်ပေးခဲ့ကာ အဘောင်သား ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ယနေ့အချိန်ထိ မလွတ်မြောက်သေးကြောင်း သိရသည်။
(NN-8)

ဆက်စပ် သတင်းများ