တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမြို့မှ ရာအိမ်မှူးတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ ဇွန် ၉/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးကို ယမန်နေ့ညက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့်ရာအိမ်မှူးမှာ ပလက်ဝမြို့မရပ်ကွက်နေ အသက် ၆၀ အရွယ် ရခိုင်အမျိုးသားဦးမောင်ဝင်းဖြစ်သည်။
၎င်းအား ယမန်နေ့ ဇွန် ၈ ရက် ည ၈ နာရီခန့်တွင် စစ်သားများက ပလက်ဝ အခြေစိုက်တပ်ရင်း ခလရ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။
"ဘာအကြောင်းနဲ့ဖမ်းသွားလဲတော့ မသိဘူး။ သူတို့လုပ်နေကျ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာဖြစ်နိုင်တယ်။ နောက်ပြီးရင် ရက္ခိုင့်တပ်တော်တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ စစ်တပ်ဘက်က လုပ်မယ်ထင်တယ်" ဟုပြောသည်။
နောက်ထပ်ပလက်ဝဒေသခံတစ်ဦးကလည်း ယမန်နေ့ညက ဦးမောင်ဝင်းအား အင်အား ၂ဝ ခန့်ပါဝင်သောစစ်ကောင်စီတပ်က ကားတစ်စီးဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ပလက်ဝ၊ မြို့မရပ်ကွက်မှ ဒေသခံရခိုင်အမျိုးသား ဦးမဲကျော့အား ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်အထိ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁ဝ နာရီခန့်က ပလက်ဝမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာသားများကို ဖမ်းဆီးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် ကျေးရွာအနီးလုံခြုံရေးတင်းကျပ်စွာလုပ်ဆောင်ခြင်းများကို ပြုလုပ်နေကြောင်း ကျေးရွာသားများက ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့်နေ့တွင် အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဆယ်အိမ်မှူးနှစ်ဦးစစ်တပ်က ဖမ်းဆီးသွားခဲ့သလို ယင်းနောက်တွင် နောက်ထပ် အဘောင်သားရွာသား ၃ ဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
ယင်းအနက် ဆယ်အိမ်မှူးနှစ်ဦးကိုမူ နှစ်ရက် အကြာတွင်ပြန်လွှတ်ပေးခဲ့သော်လည်း အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်ရွာသား ၃ ဦးမှာ ယနေ့အချိန်ထိ မလွတ်မြောက်သေးကြောင်း သိရသည်။ (NN-8)
ဓာတ်ပုံ - ပလက်ဝမြို့တစ်နေရာအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ