တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်သားတစ်ဦးကို AA ကဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်ကပုဏ္ဏားကျွန်းမြို့ခံ အရပ်သား၂ဦးကိုဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဥ္စရာ၊ ဇွန် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ စံပြရပ်ကွက်တွင် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီဘကက်ကလည်း အရပ်သားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု မြို့ခံများက ပြောသည်။
စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှာ ဆောက်လုပ်ရေးပစ္စည်း အရောင်းပိုင်ရှင်တစ်ဦးနှင့် နောက်ထပ်မြို့ခံတစ်ဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို ပုဏ္ဏားကျွန်းမြို့ အခြေစိုက်ခမရ (၅၅၀)တပ်ရင်းသို့ ခေါ်ဆောင် သွားခဲ့ကြသည်ဟု အမည်မဖော်လိုသည့် မြို့ခံမျက်မြင်တစ်ဦးကပြောသည်။
“စစ်သားအဖမ်းခံရတာနဲ့ ခဏလောက်ကြာတယ်။ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီ စစ်အင်အား ၃၀လောက်က မြို့ထဲကို ဝင်လာပြီး အရပ်သား နှစ်ဦးကို ဖမ်းခေါ်သွားကြတာ။ အဖမ်းခံလိုက်ရတဲ့ လူနှစ်ယောက် နာမည်ကိုတော့ မသိရသေးဘူး။ ဖမ်းသွားတာ အခုထိပြန် မလွတ် လာကြသေးဘူး။ အခုအချိန်မှာလည်း စစ်ကောင်စီတွေက မြို့ကိုကားနဲ့ ပတ်ပြီးတော့ ကင်းလှည့်နေကြတယ်”ဟု ယနေ့ ည ၆ နာရီကျော်က ပြောဆိုသည်။
ယနေ့ဇွန်လ ၁၆ရက် မွန်းလွဲပိုင်း ၃နာရီ အချိန်ခန့်တွင် မြို့ထဲမှ ၅၅၀ တပ်ရင်းသို့ သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို AAတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာ တစ်ဦးကိုဖမ်းဆီးရရှိသွားခဲ့သော်လည်း နောက်တစ်ဦးမှာ လွှတ်မြောက်သွားခဲ့သည်ဟု မြို့ခံများကဆိုသည်။
“စစ်တပ်ဖက်က အဖမ်းခံလိုက်ရတဲ့သူက ဗိုလ်ကြီးလို့သိရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖမ်းတဲ့ အခါမှာ ပီစတိုတစ်လက်ကိုလည်း အေအေဖက်ကရသွားတယ်။ ဖမ်းတာက အေအေဖက်ကလည်း နှစ်ယောက်တည်းဖမ်းတာ။ ဓားထောက်လို့ဖမ်းတာ”ဟု ဖမ်းဆီးသည့်အချိန်၌ မြင်လိုက်သည့် မြို့ခံတစ်ဦးကပြောသည်။
ယင်းအပြင် ညနေ ၅နာရီအချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်း ရပ်ကွက်တွင် သေနတ် ၆ ကြိမ်ပစ် ဖောက်ခဲ့ပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီတပ်သားများက လက်နက် အင်အားအပြည့်ဖြင့် လမ်းခွဆုံတိုင်းတွင် ကင်းစောင့်နေကြသည်ဟုသိရသည်။
“မြို့ကတော့ တိတ်ဆိတ်နေတယ်။ တစ်ယောက်မှအပြင်မထွက်ရဲကြဘူးလေ။ စစ်သားတွေက နေရာတိုင်းမှာ ရှိနေတာကို။ ဘာဆက်ဖြစ်မလဲတော့ မပြောတတ်တော့ဘူး”ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ( NN-11)

ဆက်စပ် သတင်းများ