- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၉/ ၂ဝ၁၉
ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၂)မြောက် အာဇာနည်နေ့အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (စစ်တွေမြို့နယ်)မှ စစ်တွေရုံးထဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အာဇာနည်နေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈နာရီကနေ ၉နာရီခွဲအထိ ၁နာရီခွဲ အကြာ ကျင်းပပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စစ်တွေရုံး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ရီက ပြောသည်။
ပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ဦးခင်မောင်ရီက “ကျနော်တို့က နိုင်ငံရေးလုပ်ငန်းတွေလည်း လုပ်ဆောင်ယင်း ဘာသာရေးလည်းဆောင်ရွက်တာပေါ့။ အဓိက ကတော့ ဒီနိုင်ငံတော်အတွက် ပေးဆပ်သွားတဲ့ အမျိုးသား ခေါင်းဆောင်ကြီးတွေကို အောက်မေ့ ဂုဏ်ပြုတဲ့ အနေနဲ့ အာဇာနည်နေ့ အထိမ်းအမှတ်ပွဲကို ဒါအထူး တလည် ပြုလုပ်တာဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာသို့ ပြောသည်။
အာဇာနည်နေ့ အခမ်းအနားတွင် ဆရာတော်သံဃာတော်များကိုပင့်ဖိတ်ပြီး အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းကပ်ကာ အမျှရေစက်ချ ပေးဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
“ နိုင်ငံအတွက် အသက်စွန့်ပေးဆပ်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူး တရားတွေကို လူကြီး လူငယ်တွေက မမေ့ မလျှော့အောင် ၊ အစဉ်အလာရှိသွားအောင် အဓိကထားလုပ်ဆောင်တဲ့ သဘောဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ကျင်းပပြုလုပ်သည့် အာဇာနည်နေ့ အထိမ်းအမှတ် ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန်ဘွေနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် အပါဝင် လူပေါင်း ၆ဝခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအာဇာနည်နေ့ အထိမ်းအမှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း စစ်တွေမြို့ရုံးတွင် ကျင်းပပြုလုပ်ကြောင်း ၎င်းက ပြောဆိုသည်။
(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တွေမြို့တွင်သာမက မာန်အောင်မြို့၊ တောင်ကုတ်မြို့တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။