- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၆/ ၂ဝ၁၉
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD )၏ စစ်တွေမြို့နယ်ကော်မတီကို ယနေ့ဖွဲ့စည်းလိုက်ကြောင်းသတင်းရရှိသည်။
ALD စစ်တွေမြို့နယ်ကော်မတီဖွဲ့စည်းနိုင်ရေး အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အဖွဲ့ဝင်များ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပူးပေါင်းထားသည့် ရခိုင်မျိုးချစ်ပါတီဝင်များ၊ တခြားစိတ်ဝင်စားသည့် ပုဂ္ဂိုလ်များအား အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးညှိနှိုင်းကာ မြို့နယ်ကော်မတီ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) စစ်တွေ မြို့နယ်အတွင်းရေးမှူး ဖြစ်သူ ဦးခင်မောင်ထွန်းက “အရင်တုန်းက မြို့နယ် စည်းရုံးရေးကော်မတီလောက်ပဲ ဖွဲ့စည်းထားခဲ့တာပါ။ ဒီကနေ့မှာတော့ မြို့နယ်ကော်မတီတစ်ရပ်ကိုအောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကော်မတီမှာ ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့၊ စားရင်းစစ်အဖွဲ့၊ အခြား ကော်မတီရေးရာ အဖွဲ့တွေလည်းပါပါတယ်” ဟု ဦးခင်မောင်ထွန်းကပြောသည်။
ယနေ့ဖွဲ့စည်းလိုက်သည့်ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးဇော်ဝင်းထွန်း၊ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်ထွန်း၊ စာရင်းစစ်အဖြစ် ဦးမောင်ဖြူ၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအေးသာအောင်တို့ဖြစ်ကြပြီး ကော်မတီအဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု ဦးခင်မောင်ထွန်းက ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂ဝ၁၇ နှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။
အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန်က စတင်ပြီး အမှတ်(၃၂)၊ သာဇံလှလမ်းနှင့်စျေးကြီးလမ်းထောင့် ကျေးပင်ကြီးရပ်ကွက်၊ စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။