တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် NLDမှ ဦးမင်းအောင်အပါအဝင် အဖွဲ့ဝင် ၃ ဦးကို ဘေးစီမံနှင့် ငြိမ်းစုစီပုဒ်မများဖြင့် ရုံးထုတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ချစ်အိလှိုင်
နိရဉ္စရာ၊ မတ် ၆/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD အမတ်ဟောင်းဖြစ်သူ ဦးမင်းအောင်အပါအဝင် ၃ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ(၁၉) တို့ဖြင့် လာမည့် မတ်လ ၁ဝ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည်ဟု သတင်းရရှိသည်။
တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နှင့်အတူ ပုဒ်မ ၂ ခုဖြင့် ရုံးထုတ် စစ်ဆေးခံရမည့်သူ နှစ်ဦးမှာ တောင်ကုတ်မြို့နယ် NLD အဖွဲ့ဝင် ကိုသန့်ဇင်ဖြိုးနှင့် တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်တို့ ဖြစ်ကြသည်။
တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရုံးထုတ်သည့်နေ့တွင် ပါဝါတင်ရန် လုပ်ဆောင်သွားမည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“ ကိုမင်းအောင်နဲ့ အွန်လိုင်းဗွီဒီယိုနဲ့စကားပြောခွင့်ရခဲ့တယ်။ အမှုကို အစ်မတစ်ယောက်တည်း လိုက်မှာမဟုတ်ပါဘူး။ ဥပဒေကုစားရေးအဖွဲ့ (Legal Clinic Myanmar)က ဆရာဦးညွှန့်မောင်တို့နဲ့ တွဲပြီးလိုက်တာ။ သူတို့ကို တရားလို နှစ်ယောက်အမှုဖွင့်ထားတာ။ အမှုကနှစ်ခုဖြစ်သွားတာပေါ့” ဟုပြောသည်။
၄င်းတို့ ၃ ဦးအား လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အမှုတင်လိုက်ပြီးနောက် မတ်လ ၃ ရက်နေ့တွင် ရှေ့နေဖြစ်သူ ဒေါ်သင်္ဂီမောင်အနေဖြင့် အမှုသည်နှင့် တွေ့ဆုံခွင့်အား ရဲစခန်းမှတဆင့် စာရေးတောင်းဆိုခဲ့ရာ ဦးမင်းအောင်နှင့် ယင်းကဲသို့ အွန်လိုင်းမှ စကားပြောခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သူမကပြောသည်။
၄င်းအပြင် ဦးမင်းအောင်တို့ဖမ်းဆီးခံရသည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ မိသားစုနှင့် တွေ့ဆုံခွင့်မရသဖြင့် မိသားစုများကလည်း စိုးရိမ်မှုရှိကြောင်း သူမကဆက်ပြောသည်။
“အမှုတင်တဲ့အခါမှာလည်း တရားရုံးက အွန်လိုင်းကနေ ဗွီဒီယိုနဲ့ပဲအမှုတင်တယ်။ အမှုတင်တဲ့ အချိန်မှာတရားသူကြီးက မှာလိုက်တယ်။ အမှုတင်ပြီးသွားတဲ့အတွက် ရဲစခန်းနဲ့ပဲသက်ဆိုင်တယ်။ တောင်ကုတ်မြို့မရဲစခန်းထဲမှာပဲရှိရမယ်လို့ပြောလိုက်တယ်။ အခုအချိန်ထိတော့ အစ်မရဲ့ အမှုသည်က တောင်ကုတ်မြို့မရဲစခန်းကိုမရောက်သေးဘူး။ မိသားစုတွေကလည်း စိုးရိမ်နေကြတယ်” ဟုပြောသည်။
ဦးမင်းအောင်မှာ တောင်ကုတ်မြို့ရှိ ခလရ (၅၄၄) အချုပ်ထဲတွင် လက်ရှိ အချိန်ထိ ရှိနေကြောင်း၊ မတ်လ ၃ ရက်နေ့က အွင်လိုင်းမှ စကားပြောခွင့်ရခဲ့စဉ် ဦးမင်းအောင်က ၎င်းတပ်ရင်းတွင် ရှိကြောင်း ပြောဆိုခဲ့ကြောင်း ဒေါ်သင်္ဂီမောင်နှင့် ပြောခဲ့သည်ဟု သူမကဆိုသည်။
ကိုသန့်ဇင်ဖြိုးနှင့် ဦးတင်သိန်းအောင်တို့မှာ လက်ရှိတွင် တောင်ကုတ်မြို့မ ရဲစခန်းတွင် ရှိနေကြောင်း သိရသည်။
၄င်းတို့မှာ တပ်မတော်အာဏာသိမ်းမှုအားဆန့်ကျင်ရေးကို ဖေဖော်ဝါရီ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် ဆန္ဒပြသည့် ကိစ္စဖြင့် ပတ်သက်၍ ယင်းနေ့ ညအချိန်တွင် ဖမ်းဆီခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ