- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
နိရဉ္စရာ၊ မေ ၄/၂၀၂၁
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စုအနီး၊ ကမ္ဘီလာရွာမှာ မေ ၃ ရက် ညနေ ၅ နာရီခန့်က ပါဆယ်ဗူးဖေါက်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ၅ ဦး သေဆုံံးခဲ့ကြောင်း ပြည်မြို့နယ် NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး သတင်းမီဒီယာအများအပြားတွင် သတင်းဖော်ပြသည်။
ကမ္ဘီလာကျေးရွာတွင် ခေတ္တပုန်းရှောင်နေထိုင်သည့် ပြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အပါအဝင် CDM ပြုလုပ်နေသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ခြံပိုင်ရှင် ၁ ဦးတို့မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူ CDM ပြုလုပ်နေသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ အပြင်အထန် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်ခရိုင် ပြည်သူ့ဆေးရုံအရောက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။
ယခုအခါဆေးရုံတွင် ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ လက်နှစ်ဖက်ပြတ်ထားပြီး စိုးရိမ်ရအခြေအနေဖြင့် ဆေးကုသမှုခံယူနေရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံမှသိရသည်။
အဆိုပါသေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ခြံပိုင်ရှင် အမျိုးသားတို့၏ ရုပ်အလောင်းများကို ပြည်ခရိုင် ကုတင် ၅၀၀ ဆေးရုံကြီး၏ ရင်ခွဲရုံတွင် ထားရှိကြောင်း သတင်းများတွင် ဖော်ပြသည်။