တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူတို့၏အမှုကို အမြန်ရုပ်သိမ်းပေးရန် ယနေ့ရုံးချိန်တွင် ဒေါက်တာအေးမောင်တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.9k

ချစ်အိလှိုင်

နိရဥ္စရာ၊ မေ ၁၁/၂ဝ၂၁

ရက္ခိုင့်တပ်တော် (AA) စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူတို့ အမှုကို အမြန်ရုပ်သိမ်းပေးရန် ရခိုင်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က တိုက်တွန်း တောင်းဆိုလိုက်သည်။

ယနေ့ မေလ ၁၁ ရက်နေ့  ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်ရုံးချိန်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူအပါအဝင် ဖမ်းဆီး ခံထားရသူများနှင့် ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဒေါက်တာအေးမောင်က ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

စွဲချက်မတင်သင့်ပဲ လုံးဝပယ်ဖျက်ပြီးမှ လွှတ်ပေးလိုက်တာက ရခိုင်လူထုနဲ့ လက်ရှိ နစကကောင်စီ၊ ULA/AA အားလုံး ဆက်သွယ်ရေး၊ ဆက်ဆံရေးက အပေါင်းလက္ခဏာကို အများကြီး ရောက်သွား စေတာပေါ့။ နိုင်ငံရေးမျှော်မှန်းချက် လက်ရှိနစကအစိုးရမှာ ကြီးကြီးမားမား ရှိတယ်ဆိုရင် ဒီအမှုကို ရုပ်သိမ်းဖို့ လိုအပ်တာပေါ့ဟု သူကဆက်ပြောသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅ဝ(ည)၊ ၅၂(က)ဖြင့် ဖမ်းဆီးခံထားရသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊  ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေး နှင့် ရွှေလှိုင်သန်း တို့ကို ယနေ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ကိုအောင်မြတ်ကျော်တို့အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူတရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ယနေ့စစ်ဆေးမည့် တရားလို သက်သေ ဒုရဲမှူး မင်းမင်းသူမရောက်၍ အမှု မစစ်ဖြစ်ခဲ့ကြောင်း ၊ ULA/AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ထားပြီးဖြစ်ရာ နစကကောင်စီ လက်ခံပါက ဥပဒေသဘောအရ သက်သေစစ်ဆေးပြီးသည်နှင့် စွဲချက်မတင်ပဲ လွတ်လာနိုင်ကြောင်း ပြောသည်။

စတရားစွဲကတည်းက အေအေကို အကြမ်းဖက်မကြေညာပဲစွဲတယ်။ လက်ရှိမှာလည်း ULA/ AA ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်ထားပြီဆိုတော့စွဲချက်မတင်ပဲ လွတ်နိုင်တယ်ပေါ့ဟုပြောသည်။

 ကိုအောင်မြတ်ကျော်တို့အား လာမည့် မေလ ၁၈ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထားပြီး တရားလိုပြသက်သေ ဒုရဲမှူး မင်းမင်းသူကို နောက်ဆုံးစစ်ဆေးမှုပြုလုပ်မည်ဟု သိရသည်။

ဆက်စပ် သတင်းများ