တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

PR စနစ် မကျင့်သုံးဖို့ ရွေးကော်သစ်ကို ဒေါက်တာအေးမောင်အဆိုပြုခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

ထက်အောင်

နိရဉ္စရာ၊ မေ ၂၂/၂၀၂၁

ယမန်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲကော်မရှင်သစ်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲစနစ် တစ်ခုဖြစ်သည့် (PR) အချိုးကျ စနစ်ကို လွှတ်တော်သုံးရပ်စလုံးတွင် မကျင့်သုံးရန် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အဆိုပြုပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

မနေ့ မေလ ၂၁ ရက်နေ့က နေပြည်တော်တွင်  ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ AFP ကိုယ်စားလှယ် အဖြစ်ဥက္ကဋ္ဌ ဒေါက်တာအေးမောင် တက်ရောက်ခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်  ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်ပြီး PR အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးရာတွင်  အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် (၃) ရပ်စလုံးမှာ ကျင့်သုံးမည်ဆိုသည့် သဘောထားကို  နိုင်ငံရေးပါတီများသို့ ချပြခဲ့ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။  

လက်ရှိ ရွေးကောက်ပွဲကော်မရှင်က ကျင်းပဖို့ရှိတဲ့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်တင်မြောက်မယ့် စနစ်ကို  ရွေးကော် ဥက္ကဋ္ဌက ရှင်းပြပါတယ်။ အဲဒါလည်း ပထမအကြိမ် နိုင်ရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေ့ကတည်းက နိုင်ငံရေးပါတီတွေကို တင်ပြခဲ့ပြီးပြီလို့ ပြောပါတယ်။ အဲဒါကြောင့် ပါတီအများစုက ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံတုန်းက ရွေးကောက်ပွဲ စနစ်နဲ့ ပတ်သက်လို့ သူတို့ပြောလိုတဲ့ အချက်အလက်တော်တော်များများကို ပေးပို့ထားပြီးဖြစ်တယ်လို့ UEC ဖက်က ပြောပါတယ်။ နောက်ပြီး PR စနစ်ကို လွှတ်တော်(၃) ရပ်လုံးမှာ ကျင်းပသင့်တယ် ဆိုတာကို UEC ဥက္ကဌက အဖွင့်အမှာစကား ပြောတဲ့ထဲပါဝင် ပါတယ်။ PR စနစ်ကို လွှတ်တော် သုံးရပ်လုံးကျင်းပမယ်ဆိုတဲ့အခါ နိုင်ငံရေးပါတီတွေ က်ကလည်း တချို့က အမျိုးသားလ ွှတ်တော်မှာပဲ ကျင်းပသင့်တယ်။ တချို့ကတော့ လွှတ်တော်(၃) ရပ်လုံးမှာ ကျင်းပသင့်တယ်။ စသဖြင့် ဆွေးနွေကြတာ ရှိပါတယ် 

လက်ရှိ နိုင်ငံရေးအကျပ်းအတည်းကာလမှာလည်း လက်နက်ကိုင်ပဋိပက္ခများ အရှိန်မြင့်နေကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ (EAOs) များနှင့်လည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်သည့်အခါတွင် မြန်မာနိုင်ငံ၏ ဦးတည်ချက်အစစ်အမှန်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကို သွားနေခြင်း ဖြစ်သည့်အတွက် PR စနစ်အား ကျင့်သုံးခဲ့မည်ဆိုပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေး တင်းမာမှုများနှင့် အားနည်းချက်အားသာချက်များအကြောင်း ထည့်သွင်း စဉ်းစားသင့်သည်ဟု UEC ဖက်ကို အကြံပြုတင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“ PR စနစ်မှာ ပါတီအဓိကပါ။ UEC ဥက္ကဌ ဦးသိန်းစိုးအဆိုပြုတဲ့ ကိစ္စက လွှတ်တော်အမတ်တွေ မည်သူမည်ဝါဆိုတာကို မဲဆန္ဒရှင် ပြည်သူလူထုက မသိရပါဘူး။ အဲဒီ Closed List ပုံစံမျိုးက ပါတီကနေ ချိတ်ပိတ်ပြီးမှ တင်ပြတာပေါ့ ဥပမာပြောရရင် မြို့နယ်တွေကို စုထားတဲ့ခရိုင်တစ်ခုလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီမှာ ရွေးကောက်ခံ လွှတ်တော်အမတ် အရေအတွက်က (၅) ယောက် ဖြစ်ရင်လည်းဖြစ်မယ်။ အဲဒီဟာကို စုပေါင်းပြီးတော့ ပါတီတွေက ပြိုင်ကြတာပါ။ ပါတီ နံပါတ် (၁)၊ (၂)၊ (၃) မှာ နံပါတ် (၁) ပါတီက မဲအများဆုံးရသွားရင် ရာခိုင်နှုန်း ဘယ်လောက်ရမယ်၊ ဒုတိယရတဲ့ ပါတီက ဘယ်လောက်ရမယ်၊ တတိယ ရတဲ့ပါတီက ရာနှုန်းဘယ်လောက်ရမယ်၊ သူ့ရဲ့ သတ်မှတ် ရာခိုင်နှုန်းထက်ကျော်တဲ့ ပါတီအားလုံးကို နေရာပေးရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ရွေးကောက်ခံ အမတ်တွေရဲ့ အကျိုးအကြောင်းနဲ့ ပါတီရဲ့ ဂုဏ်သိက္ခာ၊ အရည်အချင်းကိုလည်း လူထုကသိနိုင်အောင် Opened List ကို သူတို့ကသဘောကျတဲ့ အကြောင်းကိုတင်ပြတာတွေ့ရပါတယ် 

PR စနစ်ကို ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးအင်အားစုပါတီ (NDF)က အဆိုပြုခဲ့ပြီး ထိုအဆိုကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကာ အတည်ပြုပေးခဲ့ကြောင်းနှင့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌဘက်က ဆွေးနွေးပွဲနှင့် ဆက်စပ်ပြီး ဆက်ဆွေးနွေးရေး မဖြစ်နိုင်သောအနေအထားကြောင့် ပြည်သူ့လွှတ်တော်တွင် အတည်မပြုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ထိုPR စနစ်နှင့် ပတ်သက်ကာ ပထမကြိမ်လွှတ်တော်သက်တမ်းတွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်များမှာလည်း တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အများစုက ကန့်ကွက်ခဲ့ကြောင်းကို ယမန်နေ့က အစည်းအဝေးမှာ တင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်၏ ပြောကြားချက်အရ သိရသည်။

မနေ့ မေလ ၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် နိုင်ငံရေးပါတီးများ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင့်ဦးဆောင်ပါတီ (AFP) အပါအဝင် နိုင်ငံရေးပါတီပေါင်း (၅၉) ပါတီတက်ရောက်ခဲ့ပြီး တက်ရောက်ရန်စာရင်းပေးထားသည့် (၃) ပါတီမှာ ပျက်ကွက်ခဲ့ကြောင်း သိရသည်။ 

ဆက်စပ် သတင်းများ