တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 1.6k

ထက်အောင်

နိရဉ္စရာ၊ မေ ၃၁/ ၂၀၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်ကို မေ ၂၉ ရက်နေ့ ပလက်၀မြို့၊ ရိက္ခာရပ်ကွက်ရှိ ၎င်း၏နေအိမ်ကနေ စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ပလက်ဝမြို့၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌအား မည်သည့်အတွက်ကြောင်  ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို အတိအကျမသိသေးကြောင်းနှင့် CDM လုပ်နေသူများအား ထောက်ခံ အားပေးသည်ဆိုသည့် သံသယနှင့် ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း မေ ၂၉ ရက် ညနေ ၈ နာရီခန့်လောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးကို ကိုးကားပြီး ခူမီးမီဒီယာတွင် သတင်းဖော်ပြထားသည်။

ဦးစနီအောင်သည် လွန်ခဲ့သည့် (၁၀) နှစ်လောက်က အထက်တန်းကျောင်းအုပ်ရာထူးဖြင့် သက်ပြည် ပင်စင် ယူထားသူဖြစ်ကြောင်း၊  လက်ရှိမှာ ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်း ဥက္ကဌတာဝန်ကိုယူထား သူဖြစ်ကြောင်း သိရသည်။ 

ဦးစနီအောင်အား ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် ပလက်ဝမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးကို ယနေ့ နိရဉ္စရာသတင်းဌာက  ဆက်သွယ် မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

၎င်းပြင် ပလက်၀မြို့တွင် ချင်းလူငယ်အနည်းဆုံး (၁၀) ဦးခန့် ဖမ်းဆီးခံထားရပြီး ယင်းအထဲက မေလ ၂၉ ရက်နေ့ ညနေပိုင်း၌ ကိုအိုက်မင်း၊ ဒေါ်ဥမ္မာ၊ ကိုလှမြင့်ဌေးတို့ကို ပြန်လွှတ်ပေးကာ မေလ ၃၀ ရက်နေ့က ကိုဒေဗစ်၊ ကိုချန်မို၊ ကိုလိုင်ပန်းနှင့် ကိုသီဟအောင်တို့ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးစနီအောင်မှာ လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။

ချင်းလူငယ်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းကိုကိုလတ်ကို ရဉ္စရာသတင်းဌာနမှ မေလ ၂၉ ရက်နေ့က  ဆက်သွယ်မေးမြန်စဉ် လူငယ်အများအပြားကို မေးမြန်းနေကြောင်း အတည်ပြု ပြောဆိုခဲ့သည်။


ဓာတ်ပုံ- ခူမီး မီဒီယာ/ Facebook


ဆက်စပ် သတင်းများ