တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

NUG ၏ မူဆလင်အရေးဆောင်ရွက်ရန် စီစဉ်နေမှု ALP လက်မခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 10.1k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၇/ ၂၀၂၁

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဆလင်အရေးဆောင်ရွက်ရန် စီစဉ်နေမှုအား ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)က လက်မခံကြောင်း ယမန်နေ့ ဇွန်လ ၆ ရက်နေ့က ကြေညာချက်ထုတ်လိုက်သည်။

 

NUG အနေဖြင့် လက်ရှိ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းကိစ္စရပ်များအား မဆောင်ရွက်ဘဲ မူဆလင်အရေးကိစ္စအား အဘယ့်ကြောင့် အလျင်စလို ဆောင်ရွက်နေရသလဲဟုလည်း ALP မှ ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က မေးခွန်းထုတ် ပြောဆိုသည်။

 

“NUG ပေါ်လာတာ ရှင်းရှင်းပြောရရင် နှစ်လလောက်ပဲ ရှိသေးတယ်။ သူတို့ သုံးသွားတဲ့ စကားလုံးသည် ရိုဟင်ဂျာပြည်သူများ၊ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး သူတို့သုံးသွားတယ်။ အဲဒါကြောင့် သူတို့ NLD အစိုးရလက်ထက်မှာလည်း ဒီ ရိုဟင်ဂျာဆိုတာကို မသုံးခဲ့ဘူး။ အစိုးရအထက်ထက်ကလည်း မသုံးခဲ့ဘူးဖြစ်တယ်။ ထို့အတူပဲ ဒီရိုဟင်ဂျာဆိုတာကိုလည်း ရခိုင်ပြည်တစ်ပြည်လုံးကလည်း လက်ခံနိုင်တဲ့အနေအထားမှာ မရှိဘူး။ သူတို့က နိုင်ငံသားကတဆင့်၊ တိုင်းရင်းသားဆိုတဲ့ ပုံစံမျိုးအထိကို ဖန်တီးလာတာ တွေ့ရတယ်။ ဒါတွေဟာ ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စဖြစ်တယ်။ ဒီ NUG ပေါ်လာတာ ဒီနှစ်လလောက်အတွင်းမှာ ဆိုလိုချင်တာက စစ်အာဏာ သိမ်းထားတဲ့ စစ်တပ်ကို သူတို့လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲ ဘာလို့ ဒီကိစ္စကို အရင်ကိုင်တွယ် နေရတာလဲ။ ကျွန်တော်တို့အတွက် စဉ်းစားစရာတစ်ချက်ဖြစ်တယ်။ သူ့နောက်ကွယ်မှာ ဘာဖြစ်နေလဲ၊ ဘာကြောင့် ဆောလျင်စွာ ဒီကိစ္စကို အရင်လုပ်နေရတာလဲဆိုတာကို စဉ်းစားစရာဖြစ်တယ်။ အဲဒါကို သူ့တိုကို သူတို့ သိပါလိမ့်မယ်။ အဲဒါကြောင့် သူတို့ကို မေးခွန်းထုတ်စရာဖြစ်တယ်။ဟု ပြောသည်။

 

NUG ၏ ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုတွင် ရိုဟင်ဂျာနှင့် အခြားလူမျိုးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပွားစေသည့် နိုင်ငံသားစိစစ်ရေးကဒ်များ ပြဋ္ဌာန်းလုပ်ဆောင်ခြင်း လုပ်ငန်းစဉ်များကို ပယ်ဖျက်မည်။ ရိုဟင်ဂျာပြည်သူများသည် အခြေခံ လူ့အခွင့်ရေးစံနှုန်းများ၊ ဖက်ဒရယ် ဒီမိုကရေစီအခြေခံများနှင့် ကိုက်ညီသော ဥပဒေများ၊ အတိုင်းနိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားဖြစ်သူတိုင်းလည်း အခြားနိုင်ငံသားများနှင့် တန်းတူပြည်သူရေးရာအခွင့်အရေးများကို အပြည့်အဝရရှိခံစားနိုင်မည်ဟု ရေးသားဖော်ပြထားသည်။

 

အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နယ်မှ အိမ်နီးချင်းနိုင်ငံများသို့ နေရပ်ပြောင်းရွှေ့ နေထိုင်နေကြရသော မူဆလင်များမှာ ၄င်းတို့နေရပ်သို့ ၄င်းတို့ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးမှာလည်း အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ကြောင်း NUG ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

NUG ၏ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ALP ၏ ယမန်နေ့ကထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသအတွင်း ဖြစ်ပေါ်ခဲ့သော NUG မူဝါဒ သဘောထားပါညွှန်းဆိုထားသည့် အကြောင်းအရာသည် သက်တမ်းအထူးနုနယ်သော NUG အစိုးရအနေနှင့် အလျင်စလို မလုပ်ဆောင်သင့်သည့်အကြောင်းအရာဟု မိမိတို့မှ ရှုမြင်သည်။ ရခိုင်ပြည်၏ ပြဿနာကိုဖြေရှင်းရာတွင် ပြည်၏ မူလပိုင်ရှင်များဖြစ်သော ရခိုင်ပြည်သူများသည်သာ အဓိကကျသည်ဟု မိမိတို့ အခိုင်အမာပြောလိုသည်။ အစိုးရ အဆက်ဆက် ကိုင်တွယ်ဖြေရှင်းမှု မမှန်ကန်ခြင်း၊ ၄င်းတို့ပါတီမဲနိုင်ရေးအတွက် မသမာမှုများကျူးလွန်ခဲ့ကြခြင်း၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ လာဒ်ပေးလာဘ်ပြုခဲ့ကြခြင်းတို့ကြောင့်သာ NUG စာတမ်း၌ ညွှန်းဆိုထားသည့် အကြောင်းအရာ ယခုတိုင်တည်ရှိနေဆဲဖြစ်သည်။ မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်အစိုးရဖြစ်စေ၊ NUG မူဝါဒသဘောထား ထုတ်ပြန်ချက်စာတမ်း၌ ဖော်ညွှန်းပါ ထိလွယ်ရှလွယ်ဖြစ်သော အကြောင်းအရာကို ကိုင်တွယ်ရာ၌ ရခိုင်ပြည်နယ်ရှိ ပါတီခေါင်းဆောင်များ၊ အသင်းအဖွဲ့ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်း ဆောင်များနှင့် တိုင်ပင်လုပ်ဆောင်ရန် အထူးအရေးကြီးကြောင်းပြောကြားလိုပေသည်။ ရခိုင်တို့၏ ဆန္ဒသဘောထားမပါဘဲ ဆုံးဖြတ်လုပ်ဆောင်သည့် မည်သည့်ပါတီ၊ မည်သည့်အစိုးရ၏ လုပ်ရပ်ကိုမျှ မိမိတို့ လက်ခံမည်မဟုတ်ပေ။ဟု ရေးသားပါရှိသည်။

 

NUG ၏ သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည့် ရခိုင်ပြည်နယ်၌ အမြစ်တွယ်နေသော အကြောင်းအရာသည် အသင်းအဖွဲ့တစ်ခုခု၊ ပါတီတစ်ခုခု၊ အစိုးရတစ်ရပ်ရပ်၏ လိုအင်ဆန္ဒအတွက် အသုံးချစရာ မဖြစ်သင့်ကြောင်းလည်း ALP ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် ၂ဝ၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးရယူထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး မကြာသေးခင်ကလည်း နစကအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

ဆက်စပ် သတင်းများ