တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီနှင့် ညီမ အပါအဝင် ၁၀ ဦး တရားသေလွတ်မြောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၉/ ၂၀၂၁
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မိုးနှင်းဖြူအပါအဝင် ၁၀ ဦး ယနေ့ တရားသေလွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူများမှာ ကိုအောင်မြတ်ကျော်၊ မယမင်းမြတ် (ခ) မိုးနှင်းဖြူ၊ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြောင်း လွတ်မြောက်လာသူများ၏ မိသားစုဝင်များက ပြောသည်။
“ဆယ်ယောက်လုံး လွတ်လာကြပါပြီ။ အမှုက ဗိုလ်ချုပ်ရဲ့ ညီမနဲ့ သူ့ယောက်ဖတစ်မှုရယ်၊ ဗိုလ်ချုပ် ညီနဲ့ ကျွန်တော့် အစ်ကိုတို့ တစ်မှုရယ်ပေါ့။ ဒါပေမဲ့ ဒီနေ့မှာ နှစ်မှုလုံးကို စုပြီး ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ပြီးနောက် အပြစ်မရှိလို့ လွတ်လာတာပါ။ ကျန်းမာရေးလည်း အကုန်လုံး ကောင်းမွန်ကြပါတယ်။ ဒါကို ကူညီပေးကြတဲ့ သူတွေ အကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။” ဟု လွတ်မြောက်လာသူ ကိုတင်လှိုင်ဦး၏ ညီ ကိုတင်ထွန်းအောင်က နိရဥ္စရာသို့ ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ပြန်လာသည့် ကိုကျော်နိုင်နှင့် သမီးဖြစ်သူတို့အား မယမင်းမြတ် (ခ) မမိုးနှင်းဖြူက ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားကြိုစဉ် ၄င်းတို့ ဇနီးမောင်နှံနှစ်ဦးတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ယင်းနောက် သူတို့အား ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင်က တရားလိုလုပ်ကာ မရမ်းကုန်းရဲစခန်းတွင် အောက်တိုဘာ ၂၀ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ကိုအောင်မြတ်ကျော်အပါအဝင် ရခိုင်အသင်း (စင်္ကာပူ) ခေါင်းဆောင်များသည် စင်္ကာပူနိုင်ငံတွင် နေထိုင်ကြသူများဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့တွင် စင်္ကာပူပြည်ထဲရေးက ၄င်းတို့ကို နေအိမ်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည်။
ယင်းနောက် ထို ရှစ်ဦး မြန်မာနိုင်ငံသို့ ပြန်ရောက်လာစဉ် မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြင့် ယင်းအချိန်က ရဲအထူးသတင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူး တင့်ရွှေက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် တရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။
ဓာတျပုံ - ဇလုံကွီး

ဆက်စပ် သတင်းများ