တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို ရမန်တစ်ပတ် ထပ်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ သြဂုတ် ၂၅ / ၂ဝ၂၁
အဂတိလိုက်စားမှုပုဒ်မဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို ယနေ့တွင် ရမန်တစ်ပတ်ထပ်ယူလိုက်သည်ဟု သိရသည်။
ရမန်တစ်ပတ်ထပ်ယူခံလိုက်ရသည့်ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဟောင်း ဦးကျော်လွင်တို့ဖြစ်သည်။
၎င်းတို့ကို ယနေ့ သြဂုတ်လ ၂၅ ရက် နံနက် ၁၁ နာရီခန့်က အွန်လိုင်းမှတဆင့် စစ်တွေမြို့ရှိ ပြည်နယ်တရားလွှတ်တော်တရားသူကြီးထံမှ ရမန်တစ်ပတ်ထပ်ယူလိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီးတစ်ဦး၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
“အဂတိမှုကို ဒီနေ့ ရမန်တစ်ပါတ်ယူပါတယ်။ ဦးညီပုနှင့် ဦးမင်းအောင်ကိုတော့ ပြန်ယူသွားတယ်။ ဦးညီပုကိုစစ်တပ်ကိုယူသွားတယ်ထင်တယ်။ ဦးမင်းအောင်ကိုတော့ တောင်ကုတ်ကို ပြန်ယူဖို့အတွက် အမှတ်(၁)စခန်းမှာ ထားတယ်ထင်တယ်။ ကျန်ဝန်ကြီး ၃ ယောက်ကတော့ စစ်တွေထောင်ချုပ်မှာရှိတယ်။”ဟု ပြောသည်။
၎င်းတို့ ၅ ဦးသည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟုဆိုကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်း၌ အမှုဖွင့်ခံလိုက်ရခြင်းဖြစ်သည်။
၎င်းတို့အား ယနေ့ ရမန်တစ်ပတ်ထပ်ယူခြင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့တို့ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
အမှုဖွင့်ခံထားရသူများအနက် ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်းဦးမင်းအောင်တို့ကို စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါလအတွင်းက ဖမ်းဆီးထားကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅)ဖြင့် တရားစွဲထားပြီး ယခု အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ထပ်မံအမှုဖွင့်ခံနေရခြင်းဖြစ်သည်။
ဝန်ကြီးဟောင်း ဦးကျော်လွင်ကိုမူ သြဂုတ်လ ၁၂ ရက်နေ့တွင် ရမ်းဗြဲမြို့ရှိ ၎င်း၏နေအိမ်မှတဆင့်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ နှစ်ဦးကိုမူ သြဂုတ်လ ၁၂ ရက်တွင်ပင် ရန်ကုန်တိုင်းဒေသကြီးတွင်ဖမ်းဆီးကာ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှတဆင့် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ