ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မဖြင့် တစ်နှစ်ကျော်ကြာဖမ်းဆီးတရားစွဲဆိုခံထားရသည့် အမ်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းကို လွှတ်ပေးရန် မိသားစုများတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

မြထွီးသျှင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ အကြမ်းဖက်မှုဖြင့် တစ်နှစ်ကျော်ကြာ စွပ်စွဲ ဖမ်းဆီးခံထားရသူ ကျန်းမာရေးဝန်ထမ်း ဦးကျော်မင်းထွန်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုလိုက်သည်။

ဦးကျော်မင်းထွန်းသည် အမ်းမြို့နယ် တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်၌ ၂၀၂ဝပြည့်နှစ် သြဂုတ်လ ၉ရက်က ဖမ်းဆီးခံခဲ့ရကြောင်းဖမ်းဆီးတရားစွဲဆိုထားသည်မှာ တစ်နှစ်ကျော်ခန့် ကြာမြင့်နေပြီ ဖြစ်သဖြင့်  အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း အစ်ကိုဖြစ်သူ ကိုခိုင်ကျော်လှိုင်က နိရဥ္စရာကို ပြောသည်။

အခု ရက္ခိုင့်တပ်တော် အေအေနဲ့ဆက်စပ်တဲ့ သူတွေလွတ်လာတော့ ဝမ်းသာတယ်။ စိတ်မကောင်း ဖြစ်တာကတော့ အဲဒီထဲမှာ ကျနော့်ညီကတော မပါလာဘူး။ ဘာဖြစ်လို့များမပါတာလဲ။ ကျနော့်ညီကို လွတ်ပေးစေချင်တယ်လို့ တောင်းဆိုပါတယ်ဟုပြောသည်။

ဦးကျော်မင်းထွန်းသည် လက်ရှိအချိန်တွင်ကျောက်ဖြူအကျဉ်းထောင်၌ ဖမ်းဆီး တရားစွဲဆို ခံထားရသည်မှာ တစ်နှစ်နှင့် နှစ်လခန့်ကြာမြင့်နေပြီဖြစ်သည်ဟု ဆိုသည်။

သူ့အား အမ်းမြို့နယ် ၃၇၃တပ်ရင်းက ဗိုလ်ကြီးအောင်အောင်ထိုက်မှ တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ  ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားကြောင်း ကိုကျော်မင်းထွန်း၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်သူရက ပြောသည်။

အကြမ်းဖက်မှု ပုဒ်မ ၂ ခုနဲ့ စွဲဆိုထားတယ်။ အမှုကတော့ အခုမှသက်သေတွေကို စစ်ဆေးနေဆဲ အဆင့်ဘဲရှိပါသေးတယ်ဟုပြောသည်။

ဦးကျော်မင်းထွန်းကို အကြမ်းဖက်မှုပုဒ်မ  ၅၀(ည)၊ ၅၂(က) အပြင် ဖမ်းဆီးခံရစဉ်ကသူစီးလာသည့် ဆိုင်ကယ်တွင် လိုင်စင်မပါသဖြင့်လည်း ပို့ကုန်သွင်းကုန်(၈)ဖြင့်လည်း အမ်းမြို့မရဲစခန်းမှ ထပ်မံ တရားစွဲဆိုထားသည်ဟု  သိရသည်။

 ဦးကျော်မင်းထွန်း (၃၀) သည် ရသေ့တောင်မြို့နယ်မှ ဖြစ်ပြီး အမ်းမြို့နယ် ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနတွင် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဖမ်းဆီးခံရစဉ်ကပင် လက်ရှိအချိန်ထိ အစိုးရဝန်ထမ်းလစာကို လုံးဝ ခံစားခွင့် မရရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ဖမ်းဆီးတရားစွဲခံရသည့် ကိစ္စနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူမှ အမ်းမြို့နယ် ပြည်သူ့ ဆေးရုံအုပ်ဆရာကြီးအား အသနားစာရေးပြီး အကူအညီတောင်းခံခဲ့ရာ  သူ့ဘက်မှလုပ်ပေးရန် အဆင်မပြေကြောင်းနှင့် မိသားစုဘက်မှသာ လုပ်ဆောင်ရန် ပြောကြားခဲ့ကြောင်း ကိုခိုင်ကျော်လှိုင်က ဆိုသည်။

နစ်နာမှုတွေကတော့ ရှိတယ်။ သူ့အတွက်ရော ပြည်သူလူထုအတွက်ရောဘဲပေါ့နော်။ သူကကျန်းမာရေး ဝန်ထမ်းလည်းဆိုတော့ အခုချိန်မှာပြည်သူလူထုအတွက် ကျန်းမာရေးက အရေးပါနေတဲ့အချိန်ဆိုတော့။ အမှုကိုသေချာစိစစ်ပေးပြီး အမြန်ဆုံးပြန်လွတ်စေချင်ပါတယ်။ နှစ်တွေလည်း ကြာလာပြီဆိုတော့ မိသားစုတွေ အတွက်လည်း နစ်နာမှုရှိတယ်ဟု ကိုခိုင်ကျော်လှိုင်က ဆက်ပြောသည်။

ဦးကျော်မင်းထွန်းသည် ချစ်ပုံမ ကျေးရွာတွင် တာဝန်ထမ်းနေစဉ်   သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးငြိမ်းလင်းဇော် (၂၄ နှစ်)သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ဦးမင်းကျော်နိုင်(၂၈ နှစ်)တို့  နှင့် အတူ  သြဂုတ်လ ရက်နေ့ ညနေ နာရီခန့်တွင် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ Mobile Tablet သင်တန်း တက်ရောက်ရန်သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီး ခံခဲ့ရသည်။

သြဂုတ်လ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဦးငြိမ်းလင်းဇော်နှင့် ဦးမင်းကျော်နိုင်တို့ ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးကျော်မင်းထွန်းကို တပ်ရင်း  ၃၇၃ တွင်   ဆက်လက်ဖမ်းဆီးထားခဲ့ပြီး ရက်သတ္တတစ်ပတ်အကြာတွင် အမ်းမြို့မရဲစခန်းသို့လွဲပြောင်းပေးခဲ့သည်။ နောက်ပိုင်းတွင် အကြမ်းဖက်မှုနှင့် တရားစွဲဆိုခံရကာ ထိုမှတဆင့် ကျောက်ဖြူအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ယနေ့ အချိန်ထိ ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ