တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဆိပ်ရွာသား ၅ ဦးအမှု အပြီးသတ်အမိန့်ချရန် ရုံးချိန်းပေးထားပြီးမှ အမိန့်မချဘဲ ထပ်မံရုံးချိန်းရွှေ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ မေ ၁၉/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်အကြာ ဖမ်းဆီးခံထားရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးအမှုကို ယနေ့တွင် အမိန့်ချရန် ရုံးချိန်းခေါ်ထားသော်လည်း အမှုကို အမိန့်မချမှတ်ဘဲ ဇွန် ၁ ရက်နေ့ကို ထပ်မံရုံးချိန်း ရွှေ့လိုက်သည်ဟု သတင်းရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦးကို မေလ ၁၉ ရက် ယနေ့တွင် စစ်တွေခရိုင် တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟုဆို၍ မိသားစုများရောက်လာခဲ့ကြသော်လည်း ဆုံးဖြတ်ချက် မချဘဲ ဇွန် ၁ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သဖြင့် စိတ်ပျက်မိကြောင်း ဖမ်းဆီး တရားစွဲဆို ခံထားရသည့် ကိုညီညီအောင်၏မိခင် ဒေါ်နီနီကပြောသည်။
“ အပြီးသတ်အမိန့်ချမယ်ဆိုလို့ လိုက်လာကြတာ၊ အမိန့်လည်းမချဘူး။ အမိန့်ချမယ်ဆိုပြီး မချတာဟာ အန်တီတို့လည်း ဘာမှပြောလို့မရဘူး။ အခွင့်အာဏာက သူတို့မှာရှိတာကိုး" ဟုပြောသည်။
ကျောက်ဆိပ်ရွာသား ၅ ဦး၏ အမှုကို မေ ၅ ရက်နေ့က အပြီးသတ် လျှောက်လဲချက် ပေးခဲ့ပြီး ယနေ့ မေ ၁၉ ရက် ယနေ့တွင် အမိန့်ချမည်ဟု ရုံးချိန်း ပေးထားခြင်းကြောင့် မိသားစုဝင်များသည် ခရီးစရိတ်မရှိသည့် ကြားထဲက အခက်အခဲများနှင့် လာရောက်ခဲ့ကြရသည်ဟု ၎င်းက ဆိုသည်။
အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက "ကျောက်ဆိပ်ကို ဇွန်လ ၁ ရက်နေ့ကို ချိန်းလိုက်တယ်၊ အမိန့်မချဖြစ်ဘူး။ ဘာကြောင့်ရုံးပြန်ချိန်းလိုက်တယ်ဆိုတာကိုတော့ ငါလည်းအဲဒီမှာမရှိလို့ မသိလိုက်ဘူး။ ငါရန်ကုန်ကိုရောက်နေလို့လေ" ဟုပြောသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ (၃၃) ဦးကို ပြန်လည် လွတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားကာ စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်သည့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသူ ၄၆ ဦးကို နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် ကျောက်ဆိပ်ရွာသားများပါဝင်မည်ဟု မိသားစုများက မျှော်လင့်ခဲ့သော်လည်း လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ဟု သိရသည်။
လက်ရှိတွင် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း AA နှင့်ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုနှင့် ဆက်လက်တရားစွဲခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် သူတို့၏အမှုကိုလည်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်။ (NN-8)
(ဓာတ်ပုံ- ယခင်ဓာတ်ပုံဟောင်း)

ဆက်စပ် သတင်းများ