တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်ကြာတရားစွဲခံနေရသည့် ကျောက်ဆိပ်ရွာသား ၅ ဦးကို အပြီးသတ်အမိန့်ချရန် တတိယအကြိမ်မြောက် ထပ်မံရုံးချိန်းပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k


နိရဥ္စရာ၊ ဇွန် ၁/ ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် ၂ နှစ်ကျော်အကြာ တရားစွဲဆိုခံနေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦးကို အပြီးသတ်အမိန့်ချရန် တတိယအကြိမ်မြောက် ထပ်မံရုံးချိန်းချိန်းလိုက်ပြန်သည်ဟု သိရသည်။
သူတို့ကို ယနေ့ဇွန်လ ၁ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချမည်ဟု ရုံးချိန်းချိန်းဆိုထားခဲ့သော်လည်း တရားရုံးဘက်ကအဆင်သင့်မဖြစ်သေး၍ဟုဆိုကာ လာမည့် ဇွန်လ ၁၂ ရက်ကို ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
"ဘာကြောင့်မချဖြစ်သေးလဲဆိုတော့ အဆင်သင့်မဖြစ်သေးလို့ပေါ့နော်။ စောစောစီးစီးအမိန့်ချလိုက်ရင်တော့ လွှတ်လွှတ်၊ ကျကျ အဖြေတစ်ခုခုတော့ သိရမယ်ပေါ့နော်။ အခုက မတင်မကျဖြစ်နေတော့ အမှုသည်တွေအတွက်လည်း အတိုင်းအတာတစ်ခုအထိ တကယ်လို့ လွှတ်ရမယ့်အမှုဆိုရင်တော့ နစ်နာမယ်ပေါ့နော်။ ချရမယ့်အမှုဆိုရင်တော့ မပြောလိုဘူး။ ချရမယ့်အမှုဆိုရင်လည်း ချပလိုက်ရင် ချုပ်ရက်တွေဘာတွေ ရသွားမှာပေါ့လေ" ဟုပြောသည်။
ကျောက်ဆိပ်ရွာသား ၅ ဦးကို အပြီးသတ်အမိန့်ချရန်အတွက် မေလ ၁၉ ရက်နေ့တစ်ကြိမ်၊ ဇွန်လ ၁ ရက်နေ့တစ်ကြိမ်နှင့် ယခု ဇွန်လ ၁၂ ရက်နေ့ကိုတစ်ကြိမ် သုံးကြိမ်မြောက်အဖြစ် ထပ်မံရုံးချိန်းချိန်းဆိုခဲ့ကြောင်း သိရသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ (၃၃) ဦး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း သူတို့ ၅ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိခဲ့ဟု သိရသည်။
ယင်းနောက် သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) ဖြင့် ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုထားပြီး စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်သည်။
ယင်းနောက် သူတို့ ၅ ဦးအမှုကို ပြီးခဲ့သည့် မေလ ၅ ရက်ရုံးချိန်းတွင် စစ်တွေခရိုင်တရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ကကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် AA နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံနေရသူ ၄၆ ဦးကို နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် ကျောက်ဆိပ်ရွာသားများပါဝင်မည်ဟု မိသားစုများက မျှော်လင့်ခဲ့သော်လည်း လွတ်မြောက်ခဲ့ခြင်းမရှိခဲ့ဟု သိရသည်။
လက်ရှိတွင် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းလိုက်ပြီဖြစ်သော်လည်း AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှုနှင့် ဆက်လက်တရားစွဲခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် သူတို့၏အမှုကိုလည်း အမြန်ဆုံး ပိတ်သိမ်းပြီး ပြန်လွှတ်ပေးရန် မိသားစုများက တောင်းဆိုနေကြသည်။ (NN-8)

ဆက်စပ် သတင်းများ