တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အိုင်ဒင်ရွာသား ၂ ဦးကို အပြီးသတ်အမိန့်ချမှတ်ရန် တစ်နှစ်ခွဲအထိကြန့်ကြာနေခြင်းမှာ တရားသူကြီးက အမိန့်ချရန်လေ့လာနေ၍ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k


နိရဥ္စရာ၊ ဇွန် ၂ / ၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာသား ၂ ဦး၏အမှုကို အပြီးသတ်အမိန့်ချရန် တစ်နှစ်ကျော်ကြာလာနေခြင်းမှာ တရားသူကြီးက အမိန့်ချရန်လေ့လာနေဆဲဖြစ်၍ အမိန့်မချမှတ်နိုင်သေးခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရ ဉ္စရာသို့ပြောသည်။
"အမိန့်ချဖို့အဆင်သင့်မဖြစ်သေးဘူး၊ လေ့လာနေတယ်တဲ့။ တရားသူကြီးက အမိန့်ချရန် လေ့လာနေတယ် အဲလိုဆိုတယ်။ ဘာကိုလေ့လာနေလဲ ငါလည်း မသိဘူး" ဟု နိရဥ္စရာသို့ ပြောသည်။
၎င်းတို့နှစ်ဦးအား ယနေ့ ဇွန်လ ၂ ရက်တွင် စစ်တွေခရိုင်တရားရုံး၌ အပြီးသတ်အမိန့်ချရန်ချိန်းဆိုခဲ့သော်လည်း အမိန့်မချဖြစ်ဘဲ လာမည့် ဇွန်လ ၁၅ ရက်အား ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
AA နှင့်ဆက်စပ်သံသယဖြင့် တရားစွဲခံထားရပြီး အပြီးသတ်အမိန့်ချမှတ်ရန် အကြိမ်ကြိမ် ရုံးချိန်းရွှေ့ဆိုင်းခံနေရသူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ တူဝရီးနှစ်ဦးဖြစ်သည်။
၎င်းတို့ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း အပြီးသတ်အမိန့်ချမည်ဟု စတင်ချိန်း ဆိုခဲ့သော်လည်း ယနေ့ ဇွန်လ ၂ ရက်အထိ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းကာ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးဟု သိရသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်၌ AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် အမှတ် (၉၀၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
(NN-8)

ဆက်စပ် သတင်းများ