တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်တရားသူကြီး၏ ရိုက်နှက်မှုကိုခံခဲ့ရသည့် စိတ်မူမမှန်သော ရဲဒုတပ်ကြပ်ဟောင်းတစ်ဦး ထောင်နှစ်လချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ ဇွန် ၆/ ၂၀၂၂
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် စိတ်မူမမှန်သည့် ရဲဒုတပ်ကြပ်ဟောင်းတစ်ဦးသည် ရမ်းဗြဲ မြို့နယ်တရားသူကြီး၏ ရိုက်နှက်မှုကိုခံရပြီးနောက် ထောင်ဒဏ် ၂ လချမှတ်ခံလိုက်ရသည်ဟု သတင်းရရှိသည်။
၎င်းဒုရဲတပ်ကြပ်ဟောင်းမှာ ရမ်းဗြဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ ရဲလှိုင်တန်းတွင် မိသားစုနှင့်နေထိုင်သည့် ဦးအောင်ထွန်းထွန်း(၅၁ နှစ်)ဖြစ်ပြီး ၎င်းကို ထောင်ချပြီးနောက် ယနေ့ ဇွန် ၆ ရက်နေ့တွင် ကျောက်ဖြူထောင်သို့ ပို့ဆောင်ခံလိုက်ရသည်ဟု သိရသည်။
သူသည် ဆွံ့အ၍ စိတ်မူမမှန်သူတစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူ ရင်ဆိုင်နေရသည့် အမှုအတွက် မည်သည့်နေ့တွင် ရုံးချိန်းရှိသည်ဆိုသည်ကို မေလ ၃ဝ ရက်က ရမ်းဗြဲမြို့နယ်တရားရုံးသို့ သွားရောက်စုံစမ်းရာ မြို့နယ်တရားသူကြီး ဦးထွန်းထွန်းမြိုင်၏ ရိုက်နှက်ခြင်းကိုခံခဲ့ရပြီးနောက် ထောင်ချခံလိုက်ရခြင်း ဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူ ဦးဝင်းသိန်းအောင်က ပြောသည်။
“သူက စကားတွေကလည်း အတယ်။ သူက ဝန်ထမ်းလုပ်ပြီးနောက်ပိုင်း အခုလို ဖြစ်သွားတာပါ။ စိတ်ပုံမှန်မဟုတ်တော့ သူက သူ့မိန်းမရဲ့ ရုံးချိန်းကို ဘယ်နေ့လဲလို့ တရားရုံးကို သွားမေးပါတယ်။ သူက အဲလိုသွားတော့ တရားသူကြီးကလည်း မေးတော့ သူက စကားတွေကလည်း ထစ်ငေါ့နေတော့၊ စိတ်ကလည်း ပုံမှန်မဟုတ်တော့ သူနဲ့ပြောတာတွေက အဆင်မပြေဘူးရှိမယ်။ အဆင်မပြေတဲ့အခါ တရားသူကြီးက စိတ်မရှည်တော့ သူ့ကို ထိုးကြိတ်တယ်၊ ရိုက်တယ်။ အဲလိုရှိမယ်လေ။ ရုံးမှာ ရိုက်ပြီး တစ်ခါတည်း အစစ်အဆေးမရှိဘဲ ထောင်ချပစ်လိုက်တာ” ဟု ပြောသည်။
သူ၏အမျိုးသမီးသည် အမဲသားရောင်းချသူဖြစ်ပြီး အမဲသားရောင်းချရန် စရံပေးထားသည့် ငွေကျပ် ၂၅ သိန်းကို အခြားအမျိုးသမီးတစ်ဦးထံမှ အကြွေးရရှိရန်ရှိသည့်ကိစ္စကြောင့် ၂ဝ၁၈ ခုနှစ်မှစတင်ကာ ရမ်းဗြဲမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။
ရမ်းဗြဲမြို့တွင် ပြီးခဲ့သည့်လက ရခိုင်ရိုးရာလှေပြိုင်ပွဲကိုကျင်းပခဲ့ရာ လှေပြိုင်ပွဲသို့သွားခဲ့ကြသည့် အတွက် ၎င်းတို့အား ချိန်းဆိုခဲ့သည့်ရုံးချိန်းကို အမှုရင်ဆိုင်နေရသူ နှစ်ဘက်စလုံးက ပျက်ကွက် ခဲ့ကြသည်ဟု သိရသည်။
ယင်းကြောင့် နောက်ရုံးချိန်းအား မည်သည့်နေ့သို့ပြောင်းရွှေ့ထားသည်ကို ဦးအောင်ထွန်းထွန်းက သွားရောက်စုံစမ်းစဉ် ယခုကဲ့သို့ ရိုက်နှက်ခံရကာ ထောင်ချခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့မရဲစခန်းအား ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဦးအောင်ထွန်းထွန်းသည် မေလ ၃ဝ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရမ်းဗြဲမြို့နယ်တရားရုံးခြံဝင်းအတွင်း မူးယစ် ရမ်းကားနေသည့် အတွက် အများပြည်သူ ငြိဝပ်ပိပြားမှုကို ထိခိုက်စေသည့်ပုဒ်မ ၆၁ (ခ)အရ မေလ ၃၁ ရက်တွင် ရမ်းဗြဲမြို့နယ်တရားရုံး၏အမိန့်ချမှတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။
ရဲစခန်းအချုပ်သို့ရောက်ရှိလာချိန် မျက်နှာပေါ်တွင် ဖူးရောင်ဒဏ်ရာများ ပါရှိခဲ့ပြီး မြို့နယ်တရားသူကြီးနှင့် နောက်တစ်ဦးတို့က သူ့အား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြသည်ဟုပြောဆိုကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။
“မြို့နယ်တရားသူကြီးနဲ့ နောက် ဝန်ထမ်းလား၊ အရပ်သားလားတော့မသိဘူး။ နှစ်ယောက်ထိုးတယ်လို့ ပြောတယ်။ သူပြောတာနော်။ အဲလိုပြောပါတယ်။ လက်သီးနဲ့ထိုးတယ်လို့ ပြောတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ်တရားသူကြီး၏ သဘောထားအား ရယူရန် နိရဉ္စရာက ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပါ။
ထောင်ချခံလိုက်ရသူသည် ဧရာဝတီတိုင်းဒေသကြီးမှ ဆေးပင်စင်ယူကာ ရမ်းဗြဲရှိ မိသားစုနှင့်အတူ ရဲလှိုင်တန်းတွင် နေထိုင်သူဖြစ်သည်ဟုလည်း သိရသည်။ (NN-2)
( ထိုးကြိတ်ခံထားရသည့် ဒုရဲတပ်ကြပ်ဟောင်း ဦးအောင်ထွန်းထွန်းအား တွေ့ရစဉ်)

ဆက်စပ် သတင်းများ